မြိတ်   ၁၉     ဧပြီ   

 

ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်အဆုတ်ရောင်ရောဂါသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ (၁၈)ရက်နေ့မှ စတင်ကာ ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။

 

အဓိကကတော ဒီညမထွက်ရ ကျင့်ထုံးဉပဒေ(၁၄၄)ထုတ်ပြန်တဲ့ အဓိက အကြောင်းအရင်း က ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး ဒီထက်ပိုမို၍ အရှိန်အဟုန်မြှင့်ပြီး ထိန်းချုပ်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်  ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။

 

မြိတ်မြို့နယ်အတွင်း ခိုင်လုံသော အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ အများပြည်သူ သွားလာလျက် ရှိသော လမ်းများနှင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် နေ့စဉ် ည(၁၀)နာရီမှ နံနက်(၄)နာရီ အထိ ဖြတ်သန်းသွားလာခြင်းမပြုရန်၊ လူစုလူဝေး စုဝေးခြင်းမှ ရှောင်ကြဉ်ရန် ထုတ်ပြန်ထားကြောင်း သိရသည်။

 

22147

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းချက် ညွှန်ကြားချက်တွေ၊ ဒေသန္တရ အမိန့်တွေကို ပြည်သူလူထုအနေနဲ့ လိုက်နာပေးကြပါ။ စည်းကမ်းချက်တွေ၊ ညွှန်ကြားချက်တွေ၊ အမိန့်တွေ အကုန်လုံးက ပြည်သူလူထုတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအတွက်ကို ရည်ရွယ်ပြီးတော့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့ ဒီစည်းကမ်းချက်တွေ၊ ညွှန်ကြားချက်တွေ၊ အမိန့်တွေကို လိုက်နာလို့ရှိရင် ကပ်ဆိုးကြီးက ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူလူထုတစ်ဦးချင်း တစ်ယောက်ချင်းစီက လိုက်နာဆောင်ရွက် မယ်ဆိုရင် ကပ်ဆိုးကြီးက ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကိုအထူးအလေးထားပြီးလိုက်နာပေးစေလိုပါတယ် ဟု မြို့နယ် အုပ်ချုပ်ရေးမှူး က ထပ်လောင်းပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးအတွက် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာတွင် အုပ်ချုပ်ရေးအဖွဲ့များက အသိပေး ကြေညာခဲ့ကြသည်။ ထို့အတူ မြိတ်မြို့နယ် အတွင်း စစ်ဆေးရေးဂိတ်(၅)ခု ဖွင့်လှစ်၍ စိစစ်ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများမှ လှည့်ကင်း များဖြင့် လည့်လည်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

 

စစ်ဆေးရေး ဂိတ်များမှ ရန်ကုန်-ထားဝယ်-မြိတ် ကားလမ်းပိုင်းဖြတ်သန်းသွားလာမှု၊ မြို့တွင်းလမ်းများ ဖြတ် သန်းသွားလာမှုများ၊ ကော့သောင်း-တနင်္သာရီ-မြိတ် ကားလမ်းပိုင်းဖြတ်သန်းသွားလာမှုများကို စိစစ်ဆောင် ရွက်လျက်ရှိရာ ကန့်သတ်အချိန်အတွင်း ရောက်ရှိလာသည့် မြို့နယ်အတွင်းသို့ မော်တော်ကားများ ဝင်ရောက်လာသူများနှင့် မြို့ထဲဖြတ်သန်းသွားလာသူများအား စစ်ဆေးရေး ဂိတ်များတွင် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )