နေပြည်တော်၊ ၃ ဖေဖော်ဝါရီ
လတ်တလောဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လက်ရှိဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရမည်ဖြ စ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပထမလှိုင်းတွင် မိမိတို့ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် ပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့ပြီး ယခု ဒုတိယလှိုင်းဖြစ်ပွားမှုများမှာလည်း ဖြစ်ပွားမှုအရေအတွက် သိသာစွာကျဆင်းလာနေပြီ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူဦးရေ လျော့နည်းကျဆင်းလာလျက်ရှိသော်လည်း ပေါ့ဆ၍ မရပါကြောင်း၊ ဆက်လက်၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ၊ Mask and Face Shield Campaign နှင့် Yellow Campaign ကဲ့သို့သော ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာ မြင့်မားလာစေရေး လုပ်ငန်းများကို ယခုထက်ပိုမိုအရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရောဂါရှိ/ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း အရေအတွက် ပိုမိုများပြားစွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
မိမိတို့ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ အခြားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကိုပါ ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် ဆောင်ရွက်သူများအားလုံးနှင့် ကူညီပံ့ပိုးပေးသူ အားလုံးကို အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း မူလအစီအစဉ်အတိုင်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များရှိပါကလည်း အချိန်နှင့်တပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးဆိုင်ရာ သုံးစွဲခြင်းများကိုလည်း စနစ်တကျအလေအလွင့်မရှိ သုံးစွဲကြစေလိုပါကြောင်း၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများသည် လုပ်ငန်းအတွေ့အကြုံများစွာ ရှိကြသူများဖြစ်၍ စနစ်တကျစီမံခန့်ခွဲ၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့အားလုံးသည် ပြည်သူများ၏ကျန်းမာရေးကို အဓိကစောင့်ရှောက်ပေးရန် တာဝန်ရှိသည်ကို အားလုံးမှ သိရှိနားလည် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးအကြံပြုမှုများအလိုက် အသေးစိတ်ပြန်လည်ဆွေးနွေးသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


