ရန်ကုန် ၂၂ ဧပြီ

 

ရန်ကုန်မြို့တွင်း အချိန်နှင့်တစ်ပြေးညီ ပြည်သူများအား သတင်းစာဖြန့််ဝေပေးလျက်ရှိသော သတင်းစာ ကိုယ်စားလှယ်များအား ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်မှုကို အထောက်အကူဖြစ်စေရန်အတွက် Mask များနှင့် လက်အိတ်များကို ယနေ့နံနက် အစောပိုင်းတွင် အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုတစ်ရပ်အနေဖြင့် Mask များနှင့် လက်အိတ်များကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ရန်ကုန်တာဝန်ခံ ဦးလှရွှေ (ဒုတိယညွှန်ကြားရေးမှူး) မြန်မာ့အလင်းသတင်းစာတိုက်မှ မန်နေဂျာ ဦးဇော်မင်း၊ ဖြန့်ချိရေးဌာနမှူး ဦးတင်မောင်ဌေး (လက်ထောက်မန်နေဂျာ)နှင့် အဖွဲ့သည် ရန်ကုန်မြို့တွင်း သတင်းစာဖြန့်ချိပေးလျက်ရှိသော သတင်းစာကိုယ်စားလှယ်များအား စုရပ်များသို့လိုက်လံကာ အခမဲ့ဝေငှခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ဝေငှရာတွင် ရန်ကုန်မြို့တွင်း သတင်းစာစုရပ်များဖြစ်သော ၄၆ လမ်းစုရပ်၊ ရွှေဂုံတိုင်စုရပ်၊ အင်းစိန်စုရပ်၊ တောင်ဒဂုံစုရပ်၊ မြောက်ဒဂုံစုရပ်၊ မြောက်ဥက္ကလာစုရပ်၊ အောင်မင်္ဂလာ အဝေးပြေးစုရပ်၊ လှိုင်သာယာစုရပ်နှင့် စသည်ဖြင့် ရန်ကုန်မြို့တွင်း နိုင်ငံပိုင်သတင်းစာများဖြန့်ဝေရာ စုရပ်များသို့ တာဝန်ခံ ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ကာ လိုက်လံဝေငှခဲ့သည်။

 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် Mask များ၊ လက်အိတ်များ လိုက်လံအခမဲ့ဝေငှခြင်းတို့အပြင် သတင်းစာကိုယ်စားလှယ်များ မြို့နယ်များအတွင်း၊ ရပ်ကွက်နှင့် လမ်းသွယ်များအတွင်း ပြည်သူများသို့ သတင်းစာ လိုက်လံဖြန့်ချိပေးရာတွင် လုပ်ငန်းအဆင်ပြေ ချောမွေ့စေရန်အတွက် ဌာနမှ မြို့နယ်များအလိုက် သက်ဆိုင်ရာ ကတ်ပြားအသီးသီးကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း- မင်းခေတ်၊ ဓာတ်ပုံ- မိုးမခ