မြောင်းမြ ၁၀ သြဂုတ်
နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covd-19 Economic Relief Plan (CERP) အရ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မျိုးသန့်မျိုးစေ့ထုတ်လုပ်သူ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းပွဲတွင် သိရသည်။
“မျိုးသန့်မျိုးစေ့ထုတ်လုပ်တဲ့ တောင်သူတွေ Covid-19 ကာလမှာ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲမရှိရလေအောင် စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်၊ အရည်အသွေးကောင်း မျိုးစေ့ထုတ်လုပ်မှုအတွက် တစ်ဧကကို ကျပ် ၁၅၀၀၀၀ ကျော်နဲ့ အထွက်ကောင်းမျိုး စိုက်ပျိုးသူအတွက် တစ်ဧကကို ကျပ် ၁၄၀၀၀၀ ကျော် ပံ့ပိုးပေးမှာဖြစ်ပြီး မြောင်းမြခရိုင်အတွင်း မျိုးစေ့မျိုးသန့်ထုတ် စိုက်ဧက ၇၆၀ ဧကအတွက် နိုင်ငံတော်က ကျပ်သိန်း ၁၁၃၆ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” ဟု ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစိုးသိန်းက ပြောသည်။
မြောင်းမြမြို့နယ်အတွင်း မျိုးစေ့မျိုးသန့်ထုတ်လုပ်ဧက ၂၇၀ ဧက၊ မျိုးသန့်စိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၆၁ ဦးရှိပြီး ယခုလို နိုင်ငံတော်ကပံ့ပိုးမှုအတွက် မျိုးသန့်မျိုးစေ့ထုတ် တောင်သူတွေက နိုင်ငံတော်သို့ တစ်စုံတစ်ရာ ပြန်လည်ပေးဆပ်စရာ မလိုအပ်ဘဲ အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ ထုတ်လုပ်မှု ပိုမိုတိုးတက်စေရန်နှင့် တောင်သူများ အထွက်နှုန်းကောင်းမွန်သော မျိုးသန့်မျိုးစေ့များ စိုက်ပျိုးခြင်းဖြင့် ကျေးလက်နေတောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းပွဲတွင် ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ၊ မျိုးသန့်မျိုးစေ့ထုတ် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


