ရန်ကုန်  ၁၄  အောက်တိုဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ သီလရှင်စာသင်ကျောင်း များသို့ အလှူရှင်များက စုပေါင်းကာ ဆန်၊ ဆီများနှင့် စားသောက်ကုန်ပစ္စည်းများအား အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီက ကျောင်းတိုက်များသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် အလှူရှင်များ ပူးပေါင်းကူညီမူဖြင့် (Syriam Brothers Group Covid-19 ကူညီ ဆောင်ရွက်ရေး ပရဟိတအဖွဲ့)မှ သန်လျင်မြို့အတွင်းရှိ အမှန်တကယ် လိုအပ်သော သီလရှင်စာသင် ကျောင်း (၃)ကျောင်းအား ၁ ကျောင်းလျှင်  ဆန်(၂၄)ပြည်ပါ (၂) အိတ်၊ ဆီ (၁၀)ပိဿာပါ တစ်ပုံး၊ ကြက်သွန်နီ (၁) ပိဿာ၊ ပဲစင်းငုံ (၁) ပိဿာ၊ ပုဇွန်ခြောက်၊ ငရုတ်သီးကြော် (၁)ဘူး၊ သရက်သီးသနပ် (၁)ဘူး၊ ငါးသေတ္တာ (၁၀)ဘူး၊ ဆား ၁ အိတ်တို့အား  သွားရောက်ကာ သက်ဆိုင်ရာ ကျောင်းတိုက် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းသို့ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်လျင်မြို့နယ် အတွင်း ကိုဗစ်- ၁၉ ကာလ ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းတိုက်များသို့ စေတနာရှင် အလှူရှင်များက တစ်ဦးချင်းသော်လည်းကောင်း၊ အသင်းအဖွဲ့များလိုက်သော်လည်း ကောင်း အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများနှင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ငါးသေတ္တာဘူးများနှင့် အခြေခံ စားသောက်ကုန်များအား စုပေါင်းလှူဒါန်းပေးလျှက်ရှိကြောင်းနှင့် သန်လျင်မြို့နယ်အတွင်း လှူဒါန်းလိုကြသော အလှူရှင်များအနေဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)