ပွင့်ဖြူ ၃ ဇွန်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ လူစုလူဝေးများ မဖြစ်စေ ရေးအတွက် ယာယီပိတ်ထားခဲ့သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား ဇွန်လ ၃ ရက်၊ ယနေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုရာတွင် ဈေးသူဈေးသားများအနေဖြင့် နှာခေါင်းစည်း၊ လက်အိတ်များ စနစ်တကျ ဝတ်ဆင်၍ ဈေးရောင်းချရန်နှင့် ဈေးဆိုင်ခန်း တစ်ခန်းလျှင် ဆိုင်ရှင်တစ်ဦးနှင့် အရောင်းဝန်ထမ်း တစ်ဦးနှုန်းဖြင့်သာ သတ်မှတ်ရောင်းချခွင့်ပြုထားကြောင်း သိရပြီး သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်း ရှိ/ မရှိ ဈေးကော်မတီအဖွဲ့မှ နေ့စဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် ဈေးရောင်းခွင့်(၃)ရက် ပိတ်သိမ်းမည်ဖြစ်ပြီး၊ ဒုတိအကြိမ်တွင် ဈေးရောင်းခွင့်(၁၀)ရက် ပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် တတိယအကြိမ်တွင် တည်ဆဲဉပဒေများဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဈေးဝယ်သူများကိုလည်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဖို့နဲ့ ဈေးအတွင်းမဝင်မီ လက်ဆေးဘေစင်တွင် စနစ်တကျ လက်ဆေးခြင်းများ ပြုလုပ်ပြီးမှသာ ဈေးဝယ်ယူခြင်းများ ပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေး(၃)ဈေး ဖြစ်သည့် ပွင့်ဖြူမြို့မဈေး၊ ကုန်းဇောင်းဈေးနှင့် ရှောက်တောဉယျာဉ်ကျစ်ဈေးတို့ရှိပြီး ယနေ့တွင် ပွင့်ဖြူမြို့မဈေးကိုသာ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိသည့်အတွက် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့တာဖြစ်ပြီး ကျန်သည့်ဈေး(၂)ဈေးကိုတော့ ချမှတ်ထားသော စည်းကမ်းချက်များ ကိုက်ညီမှုရှိအောင် ဆောင်ရွက်နေဆဲဖြစ်သည့်အတွက် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရပြီး မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် လက်ရှိရောင်းချနေသည့် ယာယီပျံကျဈေးသည် များကိုတော့ ယခင်ရောင်းချနေသည့် မြို့နယ်ပြည်သူ့အားကစား ကွင်းအတွင်း၌သာ ဆက်လက်ဖွင့်လှစ် ရောင်းချခွင့်ပြုသွားမှာ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှနန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


