ခြူးစန္ဒီနွေး

 

ထိုင်းအဲဝေး လေကြောင်းလိုင်းကတော့ ခရီးသွားလာမှုနှုန်း အဆမတန်လျော့ကျနေပြီး ခရီးသွားလုပ်ငန်း အကျဘက်ကို ဦးတည်နေတဲ့ ယခုလိုအချိန်အခါမျိုးမှာ အမြဲလိုလို ဆန်းသစ်မှုတွေကို လုပ်ဆောင်လေ့ရှိပါတယ်။

 

ရေပန်းစားလာ

 

ယခုလနှောင်းပိုင်းမှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ အထင်ကရ ၉၉ နေရာပေါ်ကနေ ဖြတ်ပြီး ပျံသန်းမယ့် ခရီးစဉ် စတင်သွားဖို့ စီစဉ်ထားပါတယ်။ အခုအချိန်မှာ ခေတ်စားနေတဲ့ ဘယ်အရပ်ဘယ်သေကိုမှာမှ ရပ်နားခြင်းမရှိဘဲ မူလထွက်ခွာရာ လေဆိပ်မှာပဲ ပြန်လည်ဆင်းသက်တဲ့ ခရီးစဉ်ပုံစံမျိုးကို လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကို ကြောက်ရွံ့တဲ့အတွက် နိုင်ငံအတော်များများမှာ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယဉ်တွေ ဆင်းသက်မှုကို ပိတ်ပင်ထားတဲ့အချိန်၊ ခရီးသွားလာမှုနှုန်း လျော့ကျနေတဲ့ အချိန်မှာ ဘယ်ကိုမှမသွားဘဲ လေယာဉ်ပျံသန်းမှု သက်သက်သာပြုလုပ်တဲ့ ခရီးစဉ်တွေဟာ လေကြောင်းလိုင်းတွေကြားမှာ ရေပန်းစားလာပါတယ်။

 

ရှုခင်းကြည့်ခရီးစဉ် တရုတ် (တိုင်ပေ) က ခရီးသွားတွေကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဘယ်နေရာကိုမှ ပျံသန်းပြေးဆွဲမှုမလုပ်တဲ့ လေယာဉ်ခရီးစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ လိုက်ပါလာကြတဲ့ ခရီးသည်တွေဟာ ရှုခင်းကြည့်ရှုရပြီးနောက် လေဆိပ်မှာပဲ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ ဘယ်လမ်းကြောင်းကိုမှ ဦးတည်ခြင်းမရှိဘဲ လေယာဉ်ပြေးဆွဲမှု ခရီးစဉ်တွေဟာ လတ်တလောမှာ အခက်အခဲကြုံနေရတဲ့ လေကြောင်းလိုင်းတွေအတွက် ခရီးသည်ကို ဆွဲဆောင်ဖို့ သက်သက်ပါပဲ။ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆဲလဖြစ်တာကြောင့် လေယာဉ်အများစုဟာ ပြေးဆွဲခြင်း မပြုရဘဲ မြေပြင်ပေါ်မှာ ရပ်နားနေရတာ ကာလအတန်ကြာ ရှိလာပါပြီ။ ။

 

စိတ်ထွက်ပေါက်ရစေ

 

နောက်ပြီး ခရီးသွားလာခဲ့ရင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရမှာတွေနဲ့ နယ်စပ်တွေ ပိတ်ထားတာကြောင့် ခရီးသွားလာမှုနှုန်းဟာလည်း အဆမတန်ကို ကျဆင်းနေခဲ့ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ပျံသန်းရုံသက်သက် ခရီးစဉ်တွေကြောင့် ခရီးသည်တွေကို စိတ်ထွက်ပေါက်ရစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ စင်ကာပူလေကြောင်းလိုင်းကလည်း ချန်ဂီလေဆိပ်မှာပဲ အဆင်းအတက်ပြုလုပ်တဲ့ ခရီးစဉ်ကို အောက်တိုဘာလမှာ စတင်ခဲ့ပါတယ်။ ကမ္ဘာ့လေကြောင်း လိုင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စင်ကာပူလေကြောင်းလိုင်းဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်တွင်းခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ရတဲ့ အချိန်ကစလို့ အကျိုးအမြတ်တွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပါတယ်။ စင်ကာပူနိုင်ငံက လူပေါင်း ၅ ဒသမ ၇သန်းဟာ မတ်လအတွင်းကစလို့ နယ်စပ်တံခါးတွေ ပိတ်လိုက်ပြီ တဲ့နောက် ခရီးသွားလာဖို့ မလွယ်ကူတော့ပါဘူး။

 

ခေတ်စားတဲ့လမ်းကြောင်းတစ်ခုဖြစ်လာ

 

ဩဂုတ်လနှောင်းပိုင်းတုန်းကလည်း ဂျပန်နိုင်ငံ နိပွန်အဲဝေးလေကြောင်းလိုင်းဟာလည်း မိနစ်ကိုးဆယ်ကြာ ပျံသန်းမှု ပြုလုပ်ခဲ့ပါသေးတယ်။ လိုက်ပါကြတဲ့ ခရီးသည်တွေကို လေဆိပ်နဲ့ လေယာဉ်ပေါ်မှာ ဟာဝိုင်အီ အပန်းဖြေစခန်းစတိုင်မျိုး ခံစားရအောင် ဖန်တီးပေးထားပါတယ်။ ဘယ်နေရာကိုမှ ဦးတည်ပျံသန်းခြင်းမျိုး မဟုတ်ဘဲ ရှုခင်းကြည့်ရုံသက်သက်နဲ့ ခရီးသည်တွေ စိတ်ထွက်ပေါက်ရစေဖို့ လေယာဉ်ပျံသန်းခြင်းတွေဟာ လေကြောင်းလိုင်းတွေကြားမှာ ခေတ်စားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

 

နည်းလမ်းအမျိုးမျိုးဖြင့် ကြံဆ

 

ထိုင်းအဲဝေးလေကြောင်းလိုင်းကတော့ အရင်ကတည်းက ကျဆင်းနေတဲ့ ဝင်ငွေတွေ တိုးတက်လာဖို့အတွက် နည်းလမ်းအမျိုးမျိုး ကြံဆခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ကော်ဖီဆိုင်ဖွင့်တာ၊ အသက်ကယ်အင်္ကျီတွေကနေ အိတ်ချုပ်ပြီး ရောင်းချတာမျိုး ဒီလိုလုပ်ငန်းတွေ လုပ်ကိုင်ပြီး ဝင်ငွေဖန်တီးဖို့ ကြိုးပမ်းနေပါတယ်။ ကိုဗစ်-၁၉ ကာလမှာ ထိုင်းအဲဝေးမှာ အကြွေးတွေ နစ်သထက် နစ်လာပါတယ်။ နောက်ပြီးတော့ အခြားသော လေကြောင်းလိုင်းတွေ ပြုလုပ်သလို ပျံသန်းရုံသက်သက် ခရီးစဉ်ပါလုပ်ဆောင်ဖို့ စီစဉ်လာပါတော့တယ်။

 

ထိုင်းအဲဝေး၏ ခရီးစဉ် အဲဒီခရီးစဉ်မှာတော့ ဘယ်နေရာမှာမှ လေယာဉ်ဆင်းသက်ခြင်းမပြုဘဲ ထိုင်းနိုင်ငံ ဒေသ ၃၁ ခုပေါ်ကနေ ပျံသန်းကာ ဗုဒ္ဓဘုရားကျောင်းတွေကို အပေါ်ကနေ ဖူးမြော်ခွင့်ရမှာပါ။ အဲဒီနောက်မှာတော့ ဘန်ကောက်ကိုပဲ ပြန်လာမှာဖြစ်ပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာမယ့် ခရီးသည်တွေကို ဘုရားစာ စာအုပ်ဝေခြင်း၊ အထူးအစားအသောက်နဲ့ ဧည့်ခံတာမျိုးပြုလုပ်မှာဖြစ်ပြီး လက်မှတ်ရောင်းချငွေကတော့ ထိုင်းဘတ် ၅၉၉၉ ကနေ ၉၉၉၉ ဘတ်အထိ ကျသင့်မှာပဲ ဖြစ်ပါတယ်။ ထိုင်းအဲဝေးဟာ ကိုဗစ်-၁၉ ကာလအတွင်းမှာ ခရီးသည်အရေအတွက် ကျဆင်းနေပေမယ့် ဆန်းသစ်တဲ့ လုပ်ဆောင်မှုတွေကနေ ဝင်ငွေရရှိလာအောင် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။

 

လက်ကိုင်အိတ်နှင့်သရေစာ ရောင်းချခြင်း၊ အသက်ကယ်အင်္ကျီတွေကို အသုံးပြုပြီး လက်ကိုင်အိတ် ချုပ်လုပ် ရောင်းချခြင်းဖြင့် နောက်ထပ်ဝင်ငွေ ဖန်တီးနိုင်အောင် ကြိုးပမ်းခဲ့ပါသေးတယ်။ ထိုင်းအဲဝေးက ထုတ်တဲ့ လက်ကိုင်အိတ်တွေဟာ အကန့်အသတ်နဲ့ ထုတ်လုပ်တာဖြစ်ပြီး လတ်တလောမှာ လူကြိုက်များရောင်းထွက်တဲ့ပစ္စည်းဖြစ်နေပါတယ်။ ကုလသမဂ္ဂရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နဲ့ ကိုက်ညီနေတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ နောက်ပြီး ဆီကြော်မုန့် သရေစာရောင်းချခြင်းဖြင့်လည်း ဝင်ငွေတိုးလာအောင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ သရေစာမုန့်ကို ဘန်ကောက်မြို့ အနီးတစ်ဝိုက်မှာ လူကြိုက်များတဲ့ သရေစာအဖြစ် ရောင်းချနေရပါတယ်။

 

လေယာဉ်ပေါ်မှညစာ

 

အဲဒီမုန့်အတွက်တော့ ဘတ် ၅၀ ကျသင့်ပါတယ်။ သရေစာမုန့်ပဲဆိုပြီး အထင်သေးလို့မရပါဘူး။ တစ်လတာအတွက် ရောင်းချရငွေဟာ ဘတ် ၁၀ သန်းအထိ ရရှိပါတယ်။ ဒါကြောင့်လည်း အဲဒီလုပ်ငန်းသက်သက် ထူထောင်ဖို့တောင် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့လအတွင်းကပဲ စင်ကာပူလေကြောင်းလိုင်းဟာ လေဆိပ်မှာ ရပ်နားထားရတဲ့လေယာဉ်ပေါ်မှာ ညစာရောင်းချမှု ပြုလုပ်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ညစာ စားခြင်းဖြင့် အမေရိကန်ဒေါ်လာ ၄၉၆ ဒေါ်လာကျသင့်ပေမယ့် ပထမဆုံးနှစ်ရက်တာအတွက် လက်မှတ်ရောင်းချရငွေဟာ တစ်နာရီခွဲဆိုတဲ့ အချိန်ခဏလေး အတွင်းမှာပဲ ရောင်းကုန်သွားတယ်လို့ သိရပါတယ်။

 

လူအများကို ဆွဲဆောင်နိုင်

 

စက်တင်ဘာလအတွင်းမှာပဲ ထိုင်းအဲဝေးဟာ အဲဘတ်စ်နဲ့ ဘိုးအင်းလေယာဉ်တို့ပေါ်မှာ တကယ်လေယာဉ်စီးရတဲ့ ပုံစံမျိုးပြုလုပ်ထားတဲ့ စားသောက်ဆိုင်ဖွင့်ပြီး ဝင်ငွေရရှိဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က လေကြောင်းလိုင်းတွေ ကိုဗစ်-၁၉ ရောဂါကြောင့် အခက်ကြုံနေချိန်၊ ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့အချိန် ထိုင်းအဲဝေးရဲ့ ဆန်းသစ်တဲ့ ဖန်တီးမှုတွေကတော့ လူအများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ။

 

ကိုးကား - ဘီဘီစီ၊ စီအင်န်ဘီစီ