နေပြည်တော် ၁၇ ဧပြီ

 

 

ဧပြီ ၁၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၄)မိုင်ခန့်အကွာ၌ အနက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်ခတာစကေး (၆ ဒသမ ၁)အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ည ၇ နာရီ ၁၇ မိနစ်ခန့်တွင်လည်း ဖလမ်းမြို့၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာတွင် အနက်(၃)ကီလိုမီတာကို ဗဟိုပြု၍  အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

 

 

ငလျင်လှုပ်ခတ်မှုကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ဖလမ်းမြို့တို့တွင် ပျက်စီးမှု အနည်းငယ်ရှိခဲ့ရာ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ မြို့နယ်စုပေါင်းရုံးအတွင်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံးမှ TV (၁)လုံးနှင့် ကွန်ပျူတာ(၁)လုံးကွဲခြင်း၊ မှန်ဘီရို(၂)လုံး လဲကျ၍ မှန်ကွဲခြင်း၊ ဆင်ဝင်အောက် မျက်နှာကျက်(၂)ခု ကွာကျခြင်း၊ ပြုတင်းပေါက် မှန်(၄) ချပ်ကွဲအက်ခြင်း၊ စုပေါင်းရုံး နံရံ(၇)နေရာကွဲအက်ခြင်း၊ အိမ်သာ(၂)ခု ကျောက်ပြားပြုတ်ကျခြင်း၊ ဈေးသစ်ရပ်ကွက်ရှိ ခရိုင်ပြန်/ဆက်ရုံးမျက်နှာကျက် ကွာကျခြင်း၊ မှန်ဘီရို(၃)လုံးပျက်စီးခြင်း၊ စာတင်စင်(၂) ခုပြိုလဲခြင်း၊ သစ်သားရေစင်နှင့် ဖိုက်ဘာရေစည် ပြုတ်ကျခြင်း၊ ခရိုင် မီးသတ်အဆောက်အဉီနှင့် ဝန်ထမ်းနေအိမ် နံရံများအက်ကွဲခြင်း၊ ဈေးသစ်ရပ်ကွက်ရှိ ဆိုင်ခန်း (၁)ခန်းတွင် တံခါးမကြီး(၄)ချပ် ပြုတ်ကျပျက်စီးခြင်း၊ ဖလမ်းမြို့၊ ဗားရ်လုံကျေးရွာတွင် အ.ထ.က ကျောင်း (၂)ထပ်ဆောင်အပေါ်ထပ် အခန်း(၂)ခန်းကြားရှိ အုတ်နံရံ (၁၀)ပေခန့် ပြိုကျပျက်စီး ခြင်းများရှိခဲ့သည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အင်ကျွန်းကျေးရွာရှိ ဘုရားထီးတော် မြေခခဲ့သည်။

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို သတင်းရယူကာ လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

သတင်းစဉ်