ပခုက္ကူ၊ ၁၆ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုဖြစ်ပွားလာပြီးနောက်ပိုင်းကာလများတွင် ကြက်ဈေးနှုန်း ကျဆင်း လာမှုကြောင့် ကြက်ခြံမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အမြတ်ငွေရရှိမှု နည်းပါး လာလျက်ရှိကြောင်း ပခုက္ကူမြို့နယ်၊ အနောက်နံဂါတ် ကျေးရွာတွင် ကြက်ခြံမွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။
“ကျွန်တော်တောင်သူလုပ်ဖို့ မြေယာမရှိလို့ သူငယ်ချင်းနှင့်တွဲပြီး ကြက်ခြံမွေးမြူရေးလုပ်ငန်းလုပ်တာ ငါးနှစ်ရှိပါပြီ၊ ကြက် မွေးမြူရေးလုပ်ဖို့အတွက် ကြက်အကောင်၊ အစာနှင့် ဆေးတွေကို ပခုက္ကူမြို့ပေါ်မှာရှိတဲ့ ကျော်မိသားစုကုမ္ပဏီကနေ ဝယ်ယူရပါတယ်၊ ကြက်ခြံမွေးမြူရေးက တစ်နှစ်ကို ကြက်ငါးပတ် (တစ်သုတ်) လောက်မွေးလို့ရပါတယ်၊ ကြက်တစ်ပတ်ကို တစ်လခွဲကြာပြီး အကောင်ရေ ၁၀ဝ၀ မွေးရင် ကြက်ပေါက်ဈေး၊ အစာ၊ဆေးဖိုးအပါအဝင် အရင်းအနှီးအားလုံး ၅၄ သိန်း လောက် ရှိပါတယ်၊ နှစ်စဉ် တစ်သုတ်ပြီးတိုင်း ခြံသန့်ရှင်းရေးလုပ်ပြီး ကုမ္ပဏီကိုမှာပြီးတော့ မွေးရတာပေါ့၊ အခုမွေးတာက ကြက်အကြီး ကောင်ရေ ၅၀ဝ၊ ကြက် ပေါက်စ(အငယ်ကောင်)ကောင်ရေ ၁၂၀ဝ ဖြစ်ပြီး အကြီးကို ငွေကျပ် ၂၇သိန်းနှင့် အငယ်ကောင်အတွက် ငွေကျပ် ၅၄ သိန်းလောက်ဆီ ရင်းနှီးထားပါတယ်၊ လက်ရှိကြက်ဈေးနှုန်းနဲ့ဆိုရင် ခြောက်သိန်း လောက်တော့ အမြတ်အစွန်းကျန်မယ်လို့ ခန့်မှန်း ထားပါတယ်၊ ကြက်ဈေးကောင်းအချိန်မှာ ကြက်ပေါက်လေးတွေကို ငွေကျပ် ၇၅၀နှုန်းနဲ့ ဝယ်ရပြီး အများအားဖြင့် ကြက်ပေါက်စလေးတွေက ကြက်ဈေးကောင်းရင် လိုက်တက်တာပါပဲ၊ အခုဆောင်း တွင်းမှာတော့ ကြက်တွေက မမောကြဘူး။ အဲ့ဒါကြောင့် ပုံမှန်အတိုင်း အစာကျွေး၊ ရေတိုက်ရုံပဲ၊ နွေရာသီကာလဆိုရင်တော့ အပူဒဏ်မခံနိုင်ကြလို့ ရေဖြန်းပေးရတယ်၊ ကြက်အကြီးစာအတွက် အစာ တစ်အိတ်ကို ၃၂၀ဝ၀ကျပ်၊ အလတ်စာအတွက် ၃၅၅၀ဝကျပ်နှင့် အငယ်စာ အတွက် ၃၇၀ဝ၀ကျပ်စီ ရှိပါတယ်၊ ကြက်ကောင်ရေ ၅၀ဝကောင်ကို မနက်/ည နှစ်ကြိမ် အစာကျွေးရင် အစာအိတ် တစ်အိတ် ကုန်ပါတယ်၊ အားဆေးကိုလည်း နေ့/ညနှစ်ကြိမ်တိုက် ရပါတယ်၊ ကြက်ငယ်ကိုတော့ များသောအားဖြင့် တစ်နေ့သုံးကြိမ်လောက် တိုက်ရပါတယ်၊ ကြက်အားဆေးတစ်ထုပ်ကို ငွေကျပ် ၁၅၀ဝ၀နဲ့ဝယ်ရပြီး တစ်ထုပ်ကို ကြက်တစ်ပတ်(တစ်သုတ်)စာ တိုက်လို့ရ ပါတယ်၊ ကြက်ခြံမွေးမြူရေးသမားရဲ့တစ်နေ့တာ လုပ် ငန်းတွေကတော့ မနက်နဲ့နေ့ခင်းတစ်ကြိမ်ဆီသောက်ရေဗူးတွေ ဆေးကြောသန့်စင်ပြီး အသစ်လှဲ ပေးရတယ်၊ အစာကိုလည်း မနက်/ည နှစ်ကြိမ် ထည့်ပေးရတယ်၊ ကြက်အကြီးစာက ညဖက်လှဲပေးစရာ မလိုဘူး၊ ကြက်ငယ်တွေဆိုရင် မနက်ကာကွယ် ဆေးတိုက်၊ ညကျရင်အစာလိုက်ပြီးတာ့ မိုးချုပ်ချုပ်ကျမှမီးကိုင်ခန်းထဲမှာ ဖွေးတွေခင်းပြီး အအေးမပတ်အောင် မီးမွှေးပေးရတာ ပေါ့၊ အခုဆောင်းတွင်းဆိုတော့ ရက်ပေါင်း ၂၀လောက်တော့ မီးမွှေးပေးရတယ်၊ ကြက်မွေးတယ်ဆိုရင်တော့ မိုးကာအဖွင့်အပိတ် မျှတအောင် လုပ်တတ်ရတယ်၊ နွေရာသီကျရင် အပူချိန်များလို့ မိုးကာကို နည်းနည်းလေး ဟပေးရပါတယ်၊ မိုးကာ အဟများသွား ရင်လည်း အုံ့မှိုင်းပြီး ကုပ်သွားတာကြောင့် တခါတလေ ခေါင်းတွေယောင်တယ်၊မိုးကာအဟနည်းသွားပြန်ရင်လည်း ချွေးပြန်ပြီး မွန်ကြပ်လို့ အသက်ရှုမဝကြဘူး၊ ကြက်ချွေးမပြန်အောင် ပြုစုပေးရပြီး ချွေးပြန်ရင် ဖင်စီဖုရောဂါဝင်တာကြောင့် တခါတလေ ကာကွယ်ဆေးထိုးပေးရတာတွေရှိပါတယ်၊ ကိုဗစ်-၁၉ရောဂါမဖြစ်ပွားခင်မှာ ကြက်ဈေး တစ်ပိဿာက ၃၀ဝ၀ ကျပ် လောက်ရှိတယ်၊ ကိုဗစ်-၁၉ဖြစ်ပွားတဲ့နောက်ပိုင်း ကြက်ဈေးက ၂၃၀ဝအထိကျသွားလို့ ကြက်ခြံမွေးမြူရေးသမားတွေအတွက် အရှုံးပေါ်တယ်၊ တခါတလေ လူကိုယ်တိုင်စိုက်ရတဲ့အထိ ရှုံးပါတယ်၊ ကျွန်တော် ကြက်ခြံစမွေးမြူတုန်းကပဲ H1N1 ရောဂါနဲ့တွေ့လို သိန်း ၂၀ လောက်အရှုံးပေါ်ခဲ့တယ်၊ ကြက်ကို ကိုယ်တိုင်ရောင်းတာမဟုတ်ဘဲ ကုမ္ပဏီကပဲ လာဖမ်းတာပါ၊ ကာလပေါက်ဈေးက ကြက် တပိဿာ ငွေကျပ် ၃၄၀ဝဆိုရင် ထမ်းဈေးက ၂၀ဝကျပ်ယူတော့ ၃၂၀ဝ ကျပ်၊ တစ်ပိဿာအောက်ဆိုရင် ၃၀ဝကျပ်ခွာပြီးယူတော့ ၂၉၀ဝပကျပ်၊ အကောင်သေးက တပိဿာကို ၅၀ဝကျပ် ခွာယူတော့ ၂၅၀ဝကျပ်ပေါ့ဗျာ၊ တစ်နှစ်ကို ငါးပတ်လောက် မွေးလို့ရတာဆိုတော့ တစ်ကြိမ်လောက်ဈေးကောင်းမိသွားရင် ကျွန်တော်တို့အတွက် အမြတ် ကျန်ပါတယ်၊ ကြက်ဈေးကောင်းပြီး တစ်ပိဿာ ၃၀ဝ၀ ဈေးရှိချိန်ဆို ငွေကျပ် ၁၀ သိန်းကျော်လောက် အမြတ် အစွန်းကျန်ပါတယ်၊ တစ်နှစ်လုံးမှာ အနည်းဆုံး ၁၄ သိန်း၊ ၁၅သိန်း လောက်တော့ ကျန်ပါတယ်”ဟု ပခုက္ကူမြို့ နယ်၊ အနောက်နံဂါတ်ကျေးရွာတွင် ကြက်ခြံမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းကို ၏ ပြောပြချက်အရ သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)