နမ့်ဆန်  ၁၅  မေ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်−၁၉ ကာလအတွင်းပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်မကျေးရွာရှိ ပြည်သူများအား ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

 

ထိုသို့ထုတ်ချေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ညွှန်ကြားချက်၊ လမ်းညွှန်မှု ကိုခံယူ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်လျက်ရှိသော  ကိုရိုနာဗိုင်းရပ် (COVID-19)နှင့်စပ်လျဉ်းသည့်  ကျန်းမာရေးဆိုင်ရာသတိပေးချက်များကို တိကျစွာ လိုက်နာပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ အရင်းမပျောက် လည်ပတ်ရန်ပုံငွေအား တောင်မကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ထုတ်ချေးပေးလျှက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ တောင်သူ (၃၀)အတွက် ငွေကျပ်(၁၅.ဝ၀)သန်း၊ ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်သူ ပြည်သူ(၂၀)အတွက် ငွေကျပ် (၁၀.၁၀)သန်း၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းဆောင်ရွက်သူ (၁၅)ဦးအတွက် ကျပ်သန်း (၁၁၃) ဦး အတွက် ငွေကျပ်(၇.၅၀)သန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ (၁၅)ဦးအတွက် ငွေကျပ် (၇.၅၀) သန်း စုစုပေါင်း လုပ်ငန်းဆောင်ရွက်သူ တောင်သူ(၈၀)အား ငွေကျပ်စုစုပေါင်း (၄၀.ဝ၀)သန်း ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်−၁၉ ကာလတွင် ယခုလို အရင်းအပျောက်လည်ပတ်ရန်ပုံငွေကို ထုတ်ပေးခြင်းအားဖြင့် တောင်သူများ စားဝတ်နေရေးချောင်လည်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊  တစ်ပိုင် တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လာတတ်ပြီး လက်ဖက်ထုတ်ကုန် အပြင် အခြားဝင်ငွေ ရရှိနိုင်သည့် လုပ်ငန်းများကို လုပ်ကိုင်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ချေးငွေများကို ထုတ်ချေးပေးပြီး ချေးငွေမှရရှိသည့် အတိုးငွေများကို ၎င်းကျေးရွာအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည်အသုံးချ လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု သိရသည်။

 

အဆိုပါ ချေးငွေထုတ်ချေးနေမှုများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နေ့စဉ် ထုတ်ပြန်ကြေငြာလျှက် ရှိသော ကိုဗစ်−၁၉ ကျန်းမာရေးဆိုင်ရာသတိပေးချက်ကို လိုက်နာ၍ နမ့်ဆန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် ရုံးအဖွဲ့ ဝန်ထမ်းများတို့က သွားရောက်ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)