ရန်ကုန် ၁၉ ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်မှ လမ်းပေါ်နေကလေးများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ရွာအခြေပြုတုံ့ပြန် ဆောင်ရွက်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် UNICEF (မြန်မာ)၊ TDHL ၊ World Vision (မြန်မာ)နှင့် Kinnected (မြန်မာ) တို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ဇွန် ၉ ရက်မှ ၁၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ လှိုင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒေါပုံ မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကြည့်မြင် တိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့ နယ်တို့ရှိ သတ်မှတ်ဧရိယာများတွင် လမ်းပေါ် နေကလေးအယောက်(၁၀၀)နှင့် မိသားစုဝင်များအား တွေ့ဆုံ၍ အချက်အလက်များ ကောက်ယူခြင်းတို့ကို  ဆောင်ရွက်ခဲ့သည်။

 

ယခုအခါ အဆိုပါ ပူးပေါင်းအဖွဲ့သည် ကောက်ခံရရှိသည့် ကလေးငယ်အယောက် (၁၀၀)၏ အချက်အလက်တို့ကို အခြေခံ၍ ကလေးများ၏ နေအိမ်ကို ခြေရာခံခြင်း၊ ရပ်ရွာအခြေအနေကို အကဲခတ်လေ့လာခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေခြင်းတို့ကို လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်တို့တွင် ယနေ့မှစတင် ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊  ကြည့်မြင်တိုင် တစ်ဖက် ကမ်း၊ ဒေါပုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အလုံမြို့နယ်တို့ရှိ လမ်းပေါ်နေကလေး အယောက်(၁၀၀)နှင့် မိသားစုဝင်များအား ဆက်လက်ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်