လက်ပံတန်း  ၁  ဇူလိုင်

 

ကိုဗစ်-၁၉ ကာလအတွင်း ပြေးဆွဲမှု ခေတ္တရပ်ဆိုင်းထားသော လက်ပံတန်း-သာရဝေါ လော်ကယ်ရထားအား ယနေ့တွင် ပြန်လည်ပြေးဆွဲပေးသည့်အတွက် ဒေသခံပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

လက်ပံတန်း-သာရဝေါလောကယ်ရထားအမှတ် ၁၉၅/၁၉၆၊ အစုန်/အဆန် ရထား ခရီးစဉ်များအား ယနေ့ နံနက် ၆ နာရီက သာရဝေါဘူတာမှစတင်၍  ယခင် အချိန်စာရင်း အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

 ရထားပြန်လည် ပြေးဆွဲသည့်အတွက် လက်ပံတန်းမြို့နယ်၏ အနောက်ဘက် ကျေးရွာအုပ်စုများဖြစ်သည့် ညောင်ဝိုင်း၊ ပေါက်တောစု၊ ဇီးဖြူကုန်း၊ ခမုံ၊ သာရဝေါကျေးရွာ ဒေသထွက် သား၊ ငါး၊ သီးနှံများ ဈေးကွက်သို့တင်ပို့မှုနှင့် ဒေသခံကျေးရွာပြည်သူများ သွားလာရေးအဆင်ပြေသည့်အတွက် ဒေသခံပြည်သူများက ဝမ်းသာလျက်ရှိကြောင်း သိရသည်။

 

မြန်မာ့မီးရထားဝန်ထမ်းများမှလည်း ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခရီးသွားလာကြရန် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး