တောင်ငူ ၁၉ အောက်တိုဘာ
တောင်ငူမြို့နယ်၌ ကိုဗစ် -၁၉ ကာလအတွင်း အခက်အခဲရှိသည့် မသန်စွမ်းများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် လူငယ်ရေးရာကော်မတီမှ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(တောင်ငူ)မှ (၂၀)နှင့် တွဲလက်ညီ မသန်စွမ်း များအဖွဲ့ မှ ၂၀ တို့ကို အဆိုပါကော်မတီမှ အဖွဲ့ဝင်များက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
`` အခုလို ကိုဗစ် -၁၉ ကာလမှာ မသန်စွမ်းများအနေနဲ့ မိသားစုအပေါ်မှီခိုရတာဖြစ်လို့ မိသားစုက အခုလို အခက်အခဲဖြစ်နေချိန် ကျွန်တော်တို့အဆင်မပြေပါဘူး၊ ကျန်းမာရေးကအစ ထောက်ပံ့မှု တွေတော့ လိုချင်တာပေါ့ ၊ မိသားစုဝင်တွေ စားဝတ်နေရေး အကျပ်အတည်းပေါ်မှာ မှီခိုနေရတဲ့ မသန်စွမ်းတွေမှာလည်း ပိုမိုကျပ်တည်းမှုတွေရှိတယ် ´´ ဟု မသန်စွမ်းတစ်ဦးက ပြောကြားသည်။
“တောင်ငူမြို့နယ်ထဲမှာရှိတဲ့ မသန်စွမ်းတွေထဲက ဆင်းရဲနွမ်းပါးပြီး မိသားစုအလိုက် အခက်အခဲဆုံး ဖြစ်နေသူတွေနဲ့ ဉာဏ်ရည်မမှီသူများကို တစ်ဦးလျှင် ၈၀ဝ၀ ကျပ်နှုန်းဖြင့် ဆန်များ ၊ ဆီများ ၊ ငါးသေတ္တာဘူးများ ၊ ခေါက်ဆွဲခြောက်ထုပ်များကို ဦးရေ (၄၀) အတွက် ကော်မတီ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း လှူဒါန်းဖို့ ရှိပါတယ် ´´ ဟု မြို့နယ်လူငယ်ရေးရာကော်မတီမှ တာဝန်ခံ တစ်ဦးက ပြောကြားသည် ။
ဇော်ထက် (တောင်ငူ)


