ဘားအံ ၂၂ ဇွန်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် အမှတ်(၂)ဘိလပ်မြေစက်ရုံ တန်(၄၀၀၀)အတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ယမန်နေ့ နံနက် ၁၁ နာရီက တန်(၄၀၀၀) ဘိလပ်မြေစက်ရုံ အစည်းအဝေးခန်းမ၌ ပေးအပ်သည်။
ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင် တက်ရောက်အမှာစကား ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ခဲ့ရသည့် အမှတ်(၂) ဘိလပ်မြေစက်ရုံ တန် (၄၀၀၀)အတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၃၆၇၃၉၇၃၃ (သုံးရာခြောက်ဆယ့် ခုနှစ်သိန်း သုံးသောင်းကိုးထောင့်ခုနှစ်ရာ သုံးဆယ့်သုံးကျပ်)ကို စက်ရုံမှူးကြီး ဦးညိုဝင်းထံ ထောက်ပံ့ပေးအပ်ရာ စက်ရုံးမှူးကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အမှတ်(၂)ဘိလပ်မြေစက်ရုံ တန်(၄၀၀၀)သည် ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များအရ ဧပြီလ ၂၀ ရက်နေ့မှ မေလ ၅ ရက်နေ့ထိ ယာယီပိတ်ထားခဲ့ရပြီး ထိုကာလအတွင်း ဝန်ထမ်း ၁၀၀၇ ဦးအတွက် ၂၀၁၂ ခုနှစ်လူမှုဖူလုံရေးဥပဒေနှင့်အညီ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ပေးအပ်ခြင်းဖြစ်သည်။
အလားတူ လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသည့် မြဝတီမြို့နယ်ရှိ Apex Rubber Co., Ltd ရှိ အလုပ်သမားများအတွက် ဇွန်လ ၁၂ ရက်နေ့က ၄၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် ငွေကျပ် ၂၄၇၈၀၈၀ (နှစ်ဆယ့်လေးသိန်း ခုနှစ်သောင်းရှစ်ထောင့်ရှစ်ဆယ်ကျပ်)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ကာလတွင် ယာယီပိတ်သိမ်းခဲ့ရပြီး လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ အလုပ်ရုံများအား လူမှုဖူလုံရေးအဖွဲ့မှ သွားရောက်စစ်ဆေးပြီးပါက အကျိုးခံစားခွင့်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


