နေပြည်တော် ၁၈ မတ် 

 

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပလျက်ရှိရာ လာမည့် မတ် ၂၅ ရက်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့၌ ကျင်းပရန်ရှိသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲအား ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။

 

“ပြန်ပြီးကျင်းပမယ့်ရက်ကို ကြေညာပေးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်အဖြစ် ကျင်းပဖို့ရက်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်”ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦး၀င်းရှိန်ထံက သိရှိရသည်။

 

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသည် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားဝန်ဆောင်မှုလုပ်ငန်းများနှင့် ပူးပေါင်းကာ ၂၀၁၉ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အလုပ်အကိုင်အခွင့်အလမ်းပြပွဲပေါင်း ရှစ်ကြိမ်ခန့်ကျင်းပထားခဲ့ပြီး အလုပ်သမားစုစုပေါင်း ၂၂၅၉ ဦးကို အလုပ်အကိုင် ရရှိအောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ထို့ပြင် အလုပ်သမားညွန်ကြားရေးဦးစီးဌာနရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် ဦးစီးဌာနမှ အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသော သင်တန်းကျောင်းများတွင် မတ် ၁၈ ရက်မှစတင်ကာ သင်တန်းများ ပိတ်သိမ်းထားကြောင်း မတ် ၁၇ ရက်စွဲဖြင့် သက်ဆိုင်ရာဌာနများသို့ ပေးပို့ထားကြောင်းသိရသည်။ 

 

သွန်းဝဿန်