၁   ဩဂုတ်

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ရတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ခရီးသွားလာမှုလုပ်ငန်းတွေလည်း အပါအဝင်ပါပဲ။ ကိုဗစ်-၁၉ ကာလအတွင်းမှာ ကမ္ဘာအနှံ့ခရီးသွား သန်း ၃၀၀၊ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၅၆ ရာခိုင်နှုန်း ကျဆင်းခဲ့ရပါတယ်။

၉၈ ရာခိုင်နှုန်းအထိကျဆင်း

၂၀၂ဝ ပြည့်နှစ်အတွက် အပြည်ပြည်ဆိုင်ရာခရီးသွား လည်ပတ်မှုနှုန်းဟာ ၆ဝ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးအတွက် အပြည့်အဝနီးပါး အသွားအလာ ပိတ်ဆို့ ကန့်သတ်မှုတွေကြောင့် မေလအတွင်းမှာ ခရီးသွားလာမှုလုပ်ငန်းဟာ ၂၀၁၉ ခုနှစ်ကနဲ့ နှိုင်းယှဉ်တဲ့အခါ ၉၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလာရေး လုပ်ငန်းအဖွဲ့အစည်း ရဲ့ဘာရိုမီတာက ပြသနေပါတယ်။

သုံးဆပိုများ

ဇန်နဝါရီလကနေ မေလအတွင်း ခရီးသွားလည်ပတ်မှုနှုန်းဟာ ၅၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဘာရိုမီတာ က ဖော်ပြနေပါတယ်။ ဒီအခြေအနေဟာဘာကိုဖော်ပြနေသလဲဆိုရင် ၂၀၂ဝ ပြည့်နှစ် ပထမငါးလတာ အတွင်းမှာပဲ တစ်ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂ဝ ဘီလီယံအထိ နစ်နာ ခဲ့ပြီး ခရီးသွားလုပ်ငန်းမှာ ဇန်နဝါရီလကနေ မေလအတွင်း ဆုံးရှုံးနစ်နာခဲ့တဲ့ ဝင်ငွေတွေဟာ ၂၀၀၉ ခုနှစ်က တစ်ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်တုန်းကထက် သုံးဆပိုပြီး ဆုံးရှုံးနစ်နာမှုတွေပိုများနေ တယ်ဆိုတာကို ထင်ဟပ်နေပါတယ်။

လူမှုနေထိုင်ရေးကို ရိုက်ခတ်

အခုနောက်ဆုံး ဖော်ပြနေတဲ့အချက်အလက်တွေအရ ခရီးသွားပြည်သူတွေအတွက် လုံခြုံစိတ်ချရမှု ရှိနေပြီဆိုရင် ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်ဖို့ လိုအပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်လို့ UNWTO က အတွင်းရေးမှူးချုပ် ဇူရပ်ပိုလစ်ခစ် ရှဗီလီက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုလုပ်ငန်း ထင်မှတ်မထားလောက်တဲ့အထိ ကျဆင်းသွားခြင်းဟာ လူသန်းပေါင်းများစွာရဲ့ လူမှုဘဝ နေထိုင်ရပ်တည်ရေးကို လှုပ်ခတ်လာစေတယ်၊ အထူးသဖြင့် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင်ပိုပြီးတော့သိသာတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လုပ်ဆောင်စရာတာဝန်နှစ်ရပ်ရှိ

“အခုဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေကြရပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းက အစိုးရအသီးသီးဟာလည်း ကိုဗစ်-၁၉ နဲ့ ပတ်သက်ရင် အဓိကလုပ်ဆောင်စရာ တာဝန်နှစ်ရပ် ရှိနေပါတယ်။ ပထမတစ်ခုကတော့ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အထူးဦးစားပေး ကာကွယ် သွားရမှာဖြစ်ပြီး နောက်တစ်ခုကတော့ အလုပ်နေရာတွေ မဆုံးရှုံးဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြိုလဲမသွားရအောင် ကာကွယ်ပေးဖို့ပါပဲ။ ကိုဗစ် - ၁၉ ကို တုံ့ပြန်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မှု ခိုင်ခိုင်မာမာရှိဖို့လိုပြီး တစ်ဖက် သတ်ဆန်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ မချမိဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်သတ်ဆန်တဲ့ ဆုံးဖြတ်ချက်တွေ ကြောင့် ကိုဗစ်-၁၉ ကို ရင်ဆိုင်ရာမှာ ယုံကြည်ချက်တွေ လျော့ပါးသွားစေနိုင်တယ်’’ လို့ UNWTO က အတွင်းရေး မှူးချုပ် ဇူရပ်ပိုလစ်ခစ်ရှဗီလီက ပြောကြားခဲ့ပါတယ်။

ခန့်မှန်းထားကြ

တစ်ချိန်တည်းမှာပဲ တဖြည်းဖြည်းချင်း သတိကြီးစွာ ပြောင်းလဲလာမှုတွေကို UNWTO က သတိထားမိခဲ့ပါတယ်။ ဇူလိုင် ၁ ရက်ကစပြီး ဥရောပသမဂ္ဂ Schengen ဒေသမှာ နယ်စပ်တွေ ပြန်ဖွင့်ပေးပြီး ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ ပြောင်းလဲလာမှုတွေကိုလည်း သတိထားမိခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းဟာ နှေးကွေးစွာပဲ ပြန်လည်အစပြုနေတဲ့ အချိန်မှာ UNWTO ရဲ့ညွှန်းကိန်းတွေဟာလည်းကျဆင်း နေပါတယ်။ ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလကနေ ဧပြီလအထိ တွက်ချက်မှုနဲ့ မေလကနေ ဩဂုတ်လအထိ ခန့်မှန်းမှုတွေမှာ လျော့ကျနေတာကိုတွေ့ရပါတယ်။ ခရီးသွားလာမှု ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုလုပ်ငန်းဟာ ၂၀၂၁ ခုနှစ် ဒုတိယ နှစ်ဝက် ကာလမှပြန်ပြီး နာလန်ထူလာလိမ့်မယ်လို့ ခန့်မှန်းထား ကြပါတယ်။

အကျဘက်ကို ဦးတည်စေမည့် အရာများ

တစ်ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှု ကျွမ်းကျင်သူတွေကတော့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး အကျဘက်ကို ဦးတည်စေမယ့်အရာတွေကို ထောက်ပြကြပါတယ်။ အချို့သောနေရာတွေမှာ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေ ထားရှိမှု၊ နယ်စပ်တွေ ဆက်လက်ပိတ်ထားမှု၊ ခရီးသွားလာမှုနဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရမှုဆိုင်ရာ စိုးရိမ်မှုများရှိနေမှု၊ ဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာမှု၊ နောက်ထပ်အသစ်ထုတ် ဖွယ်ရှိတဲ့ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ၊ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်တွေကြောင့် ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုတွေ ရှိဦးမယ်လို့ ထောက်ပြကြပါတယ်။ ယုံကြည်လောက်တဲ့ သတင်း အချက်အလက်ဆိုင်ရာများ ကင်းမဲ့မှု၊ စီးပွားရေးလုပ်ငန်း တွေပြိုလဲမှုကြောင့်လည်း ခရီးသွားတွေရဲ့ယုံကြည်မှုကို လျော့နည်းစေပါတယ်။

တွန့်ဆုတ်နေကြ

၂၀၁၉ ခုနှစ်တုန်းကတော့ ခရီးသွားလုပ်ငန်းဟာ ကောင်းမွန်နေခဲ့ပြီး အပြည်ပြည်ဆိုင်ရာခရီးသွား လည်ပတ်မှုဟာ ၄ ရာခိုင်နှုန်းတိုးခဲ့ပြီး ၁ ဒသမ ၅ ဘီလီယံ အထိရှိခဲ့ပါတယ်။ ပြင်သစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီး အသွားအလာအများဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး သူ့နောက်မှာတော့ စပိန်နဲ့ အမေရိကန်တို့က အသီးသီး ရပ်တည်လျက် ရှိကြပါတယ်။ ယခုနှစ် နွေရာသီအားလပ် ရက်ကာလအတွက်တော့ ဥရောပနိုင်ငံတွေဟာ ကိုဗစ်-၁၉ ကြောင့် ခရီးသွား လုပ်ငန်းအတွက် တွန့်ဆုတ်နေကြပါတယ်လို့ ယူရိုနယူးစ်ရဲ့ စစ်တမ်းကောက်ယူမှုတွေအရ သိရပါတယ်။

စစ်တမ်းကောက်ယူ

စစ်တမ်းကောက်ယူမှု ပြုလုပ်ရာမှာ ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ အီတလီနိုင်ငံတို့က လူအများစုဟာ ယခုနှစ် နွေရာသီ အားလပ်ရက်ကာလမှာ ဘယ်ကိုမှသွားဖို့ အစီအစဉ်မရှိဘူးလို့ ဖြေကြားကြပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ အီတလီနိုင်ငံတို့က လူပေါင်း ၁၅၀ဝ စီ နဲ့ စုစုပေါင်း ၆၀၀၀ ကို ဇူလိုင် ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဥရောပရဲ့ လူနေမှုဘ၀တွေကို အများကြီး ထိခိုက်စေပါတယ်။

ဆွဲဆောင်စရာ နေရာအဖြစ်ရှိနေဆဲ

သို့သော်လည်း ဥရောပဟာ ခရီးသွားတွေအတွက် ဆွဲဆောင်စရာ နေရာအဖြစ် ဆက်လက်တည်ရှိနေဆဲပါပဲ။ အထက်မှာဖော်ပြခဲ့တဲ့ စစ်တမ်းကောက်ယူမှုမှတစ်နိုင်ငံမှာ ၁၀ ဦးစီလောက်ကသာ ဥရောပမဟုတ်တဲ့ အခြား ဒေသက နိုင်ငံတွေဆီ သွားချင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဖြေကြားသူ ၅၃ ရာခိုင်နှုန်းကတော့ ဥရောပ တောင်ပိုင်းဟာ ခရီးသွားလာမှုအတွက် လုံခြုံစိတ်ချရမှု မရှိသေးဘူးလို့ ယူဆကြောင်း ဖြေကြားခဲ့ကြပါတယ်။ အီတလီနဲ့စပိန်တို့ကတော့ အားလပ်ရက်ခရီးသွားတွေ အတွက် အဓိကဆွဲဆောင်ရာနေရာဖြစ်နေတုန်းပါပဲ။

နယ်စပ်တံခါးပြန်ဖွင့်ပေး

ဇူလိုင် ၁ ရက်မှာတော့ ဂရိနိုင်ငံဟာ တချို့သော ခရီးသွားတွေအတွက် နယ်စပ်တံခါးကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ စဖွင့်ဖွင့်ပေးချင်းမှာတော့ ဗြိတိန်နဲ့ ဆွစ်ဇာလန်တို့က နိုင်ငံသားတွေကို လာရောက်ခွင့် မပေးခဲ့သေးပါဘူး။ ခရီးသွားလုပ်ငန်းကနေ အဓိကဝင်ငွေတွေ ရရှိနေကြတဲ့ ဂရိနဲ့ အီတလီနိုင်ငံတို့အတွက်တော့ ခရီးသွားလုပ်ငန်း ပြန်စဖို့ဟာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။ အရင်နှစ်တွေနဲ့ မတူတာကတော့ ဒီနှစ်မှာ ခရီးသွား လုပ်ငန်းတွေမှာ ပြည်ပဧည့်သည်ထက် ပြည်တွင်းခရီးသွား ကိုပဲ ပိုမျှော်လင့်ရမယ်လို့ ယူဆရပါတယ် ။

ခြူးစန္ဒီနွေး

ကိုးကား - အေအက်ဖ်ပီ၊ UNWTO၊ ယူရိုနယူးစ်