ထွန်းသစ်စ

 

ကိုဗစ်- ၁၉ ရောဂါဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူ့အသက်ပေါင်းများစွာကို အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်။ ထို့အတူ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ အစားအစာစနစ်နဲ့ ကမ္ဘာ့အလုပ် အကိုင်တွေပေါ်မှာလည်း မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေကို ဖြစ်စေပါတယ်။ ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ မပြေလည်မှုတွေဟာလည်း အလွန်ကိုပဲ ဆိုးရွားလှပါတယ်။ ကမ္ဘာ့လူဦးရေသန်းချီ အလွန်အမင်းဆင်းရဲမှုတွေနဲ့ ကြုံတွေ့နေရသလို အစာအာဟာရချို့တဲ့သူ အရေအတွက်ဟာလည်း သန်း ၆၉၀ နီးနီးရှိပါတယ်။ ဒါကနောက်ဆုံးပမာဏ မဟုတ်သေးဘဲ ၂၀၂၀ ပြည့်နှစ်အကုန်မှာ နောက်ထပ် ၁၃၂ သန်းထပ်ပြီး မြင့်တက်လာဖို့ ရှိပါသေးတယ်။

 

ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရ

သန်းချီတဲ့ကုမ္ပဏီတွေ လုပ်ငန်းစုတွေဟာ ဆက်လက် တည်မြဲနိုင်ဖို့အရေး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ထို့အတူပဲ ကမ္ဘာ့လုပ်သားအင်အား ဒသမ ၃ ဘီလီယံရဲ့ ထက်ဝက်နီးပါးဟာ ရှင်သန်နေထိုင်မှုဘ၀တွေ ပျောက်ဆုံးတော့ မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ စီးပွားရေးသမားအများစု လူမှုရေး အစောင့်အရှောက်မရှိခြင်း၊ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရခြင်း၊ ငွေကြေးလည်ပတ်မှုမရှိ ခြင်းတို့ကြောင့် တောင့်ခံပြီး ရုန်းကန်နေရပါတယ်။ တချို့မှာ စီးပွားရေးလုပ်ငန်းတွေကို အပြီးတိုင်ပိတ်သိမ်းလိုက်ရတဲ့ အနေအထားရှိပါတယ်။ ကိုဗစ်- ၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် အသွားအလာကန့်သတ်ပိတ်ဆို့လိုက်တာကြောင့် အများစုမှာ ဝင်ငွေမရှိတော့ဘဲ သူတို့မိသားစုနဲ့ သူတို့ကိုယ်တိုင် ထမင်းနပ်မှန်အောင် စားနိုင်ဖို့ အနိုင်နိုင် ကြိုးစားနေကြရပါ တယ်။ အများစုအတွက်တော့ ဝင်ငွေမရှိရင် အစားအစာမရှိနိုင် သလို အနည်းငယ်မျှသော အစားအစာကလေးကလည်း အာဟာရပြည့်၀မှု မဖြစ်နိုင်ပါဘူး။

 

ရိုက်ခတ်မှုတွေဖြစ်စေ

ကိုဗစ်- ၁၉ ရောဂါဟာ အစားအစာလည်ပတ်မှုစနစ်ကြီးတစ်ခုလုံးကို ရိုက်ခတ်မှုတွေ ဖြစ်စေပါတယ်။ နယ်စပ်တွေ ပိတ်လိုက်ခြင်း၊ ကုန်သွယ်ရေးတွေအပေါ် ကန့်သတ်ပိတ်ဆို့ လိုက်ခြင်းနဲ့ တခြားကန့်သတ်မှုအစီအမံတွေဟာ လယ်သမား တွေကို သူတို့ရဲ့ ပစ္စည်းတွေ ရောင်းချခြင်းနဲ့ သွင်းအားစုတွေကို ဝယ်ယူခြင်းတွေကိုလည်း ကန့်သတ်လိုက်သလိုပါပဲ။ အဲဒါတွေက ပြည်တွင်းနဲ့ နိုင်ငံတကာ ကုန်စည်စီးဆင်းမှုတွေကို အနှောင့် အယှက် အဟန့်အတားတွေ ဖြစ်ပေါ်စေပြီး ကျန်းမာရေးဘေးကင်း လုံခြုံရေးနဲ့ အစားအစာပေါများမှုတွေကို လျှော့ချကန့်သတ်လိုက် သလို ဖြစ်စေပါတယ်။ ကိုဗစ်- ၁၉ ကူးစက်ရောဂါက အလုပ်အကိုင်တွေကို အဆုံးသတ်စေပြီး သန်းချီတဲ့လူတွေရဲ့ ရှင်သန်နေထိုင်မှုတွေကို ဘေးအန္တရာယ် ကျရောက်စေပါတယ်။ များသောအားဖြင့် ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ အိမ်ထောင် ဦးစီးတွေ အလုပ်မရှိရင်၊ နေမကောင်းရင်၊ ကွယ်လွန်သွားရင် သူတို့ကို မှီခိုနေထိုင်နေရသူတွေရဲ့ အစားအစာ၊ လုံခြုံမှုနဲ့ အာဟာရပြည့်၀မှုအာမခံချက်တွေဟာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

 

အလုပ်အကိုင်ဆင်းရဲနွမ်းပါးမှုနဲ့ ရင်ဆိုင်နေရ

လယ်ယာလုပ်သား သန်းပေါင်းများစွာဟာ ကမ္ဘာကြီးကို အကျိုးပြုနေရင်း တဖြည်းဖြည်းနဲ့ အလုပ်အကိုင်ဆင်းရဲနွမ်း ပါးမှု အမြင့်ဆုံးအဆင့်ကို ရင်ဆိုင်နေရသလို အာဟာရချို့တဲ့ခြင်းနဲ့ ကျန်းမာရေးညံ့ခြင်း၊ လုံခြုံမှုမရှိခြင်း၊ အလုပ်သမားကာကွယ် စောင့်ရှောက်မှုမရှိခြင်းနဲ့ တခြားအလွဲသုံးမှုပုံစံတွေကို လည်း ရင်ဆိုင်နေရပါတယ်။ ဝင်ငွေနိမ့်ခြင်း၊ ပုံမှန်ဝင်ငွေ နည်းခြင်း၊ လူမှုရေးအထောက်အပံ့ မရှိခြင်းတို့ကြောင့် လယ်သမားအများစုဟာ သူတို့အလုပ်ကို ဆက်လုပ်ဖို့ အတော့် ကို မာန်တင်းနေရပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ဟာ စိတ်ချ လုံခြုံမှုမရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် သူတို့တွေ အပါအဝင် သူတို့ကို မှီခိုနေရတဲ့ သူတို့မိသားစုတွေဟာ နောက်ထပ်ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။ သူတို့ဟာ သူတို့ရဲ့ အရင်ကတည်းကမှ နည်းနေ တဲ့ ဝင်ငွေတွေ လျော့သွားမယ်ဆိုရင် နောက်ထပ်နည်းလမ်း တစ်ခုကို မတတ်သာဘဲ လုပ်လိုက်ရပါတော့တယ်။ အဲဒါ ကတော့ ပိုင်ဆိုင်တာလေးတွေကို ဈေးအနှိမ်ခံပြီး ရောင်းချရ တာ၊ ကြိုတင်ချေးငွေရယူရတာတွေပဲ ဖြစ်ပါတယ်။ လယ်ယာ လုပ်သားတွေ အပါအဝင် အခြေခံထုတ်လုပ်သူမှ အစားအစာ ထုတ်လုပ်နိုင်တဲ့အထိ ပါဝင်သူတွေရဲ့ ဘေးကင်း လုံခြုံမှုနဲ့ ကျန်းမာရေးအာမခံချက်ပေးနိုင်မှုတွေကို ဒီလိုအချိန် မှာ လုပ်ပေးပြီး ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက် မှုတွေ လုပ်ဆောင်သွားမယ်ဆိုရင် သူတို့ရဲ့ နေထိုင်မှုဘ၀တွေနဲ့ အစားအစာလုံခြုံမှု ရှိမှုဟာ ပိုမိုတိုးတက်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။

 

ပြဿနာတွေ စုပြုံလာ

ကိုဗစ်- ၁၉ ကာလမှာ အစားအစာလုံခြုံစိတ်ချရမှု ပဋိပက္ခ၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ လုပ်သားအရေး စတဲ့ ပြသနာတွေဟာ စုပြုံလာပါတော့တယ်။ အလုပ်နေရာ ဘေးကင်းစိတ်ချရမှုနဲ့ ကျန်းမာရေး အလေ့အထတွေ၊ ကောင်းမွန်တဲ့ အလုပ်ရရှိမှု၊ အလုပ်သမားအခွင့်အရေးကို ကာကွယ်ပေးနိုင်မှုတွေဟာ အကျပ်အတည်းကာလ လူသား ဆိုင်ရာရှုထောင့်က ကြည့်မယ်ဆိုရင် အလွန်ကို ကောင်းမွန်လှပါတယ်။ လူ့အသက်တွေကို ကယ်ဆယ်ဖို့ လူမှုကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဆောင်တဲ့နေရာမှာ ချက်ချင်းလုပ်ဆောင်သင့်တာနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သင့်တာတွေဟာ ကမ္ဘာ့ကျန်းမာရေးကို ခြုံငုံမိဖို့ လိုအပ်ပြီး အထူးသဖြင့် တကယ့်ဘေး ဒုက္ခအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့နေရာတွေ၊ လူတွေကို ထောက်ပံ့ပေးဖို့လည်း လိုအပ်လှပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ပံ့ပိုး နိုင်မှုဟာ အလွန်ကိုပဲ အရေးကြီးပါတယ်။

 

အလွန်ကိုပဲအရေးကြီး

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း သို့မဟုတ် အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နေတဲ့နိုင်ငံတွေဟာ ကိုဗစ်- ၁၉ ကြောင့် ဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံတွေ ပဲဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ ကပ်ရောဂါကို ပြန်လည် တုံ့ပြန်ရမှာဖြစ်သလို တစ်ဖက်ကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လိုအပ်နေတဲ့သူတွေဆီကို ရောက်ရှိအောင်လုပ် ဖို့ အလွန်ကိုပဲ အရေးကြီးလှပါတယ်။

 

အကောင်းဆုံး ပြန်လည်တည်ဆောက်ကြမယ်

ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ကမ္ဘာကြီးအနေ နဲ့ သွေးစည်းညီညွတ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အားနည်းချက်တွေရှိတဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ အခုအချိန်ဟာ တကယ့်ကို ညီညွတ်ရမယ့်အချိန် ကျရောက် လာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတကွရှိနေမှသာ ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေကို ကျော်လွှားနိုင်မှာ ဖြစ်သလို လူသားချင်းဆိုင်ရာဘေးဒုက္ခတွေနဲ့ အစာရေစာ ရှားပါးခြင်းဆိုင်ရာ ဘေးဒုက္ခတွေကိုလည်း ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေကို အသုံးချပြီး အကောင်းဆုံး ပြန်လည် တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

ကိုးကား - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)