နေပြည်တော် ၂၀ မေ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဉီးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် စတင်ဖွဲ့စည်းချိန်မှစ၍ အစည်းအဝေး ၄ ကြိမ် ကျင်းပခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက် (၄၃) ခု ချမှတ်နိုင်ခဲ့ပြီး လုပ်ငန်းဆောင်တာများကို မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်နိုင်သည့် စီးပွားရေးလုပ်ငန်းများအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများစိစစ်ထုတ်ပေးခဲ့ရာ သုံးကြိမ်ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခင်သုံးကြိမ်တွင် ရန်ကုန်မြို့အခြေစိုက်ဖြစ်သည့် စီးပွားရေးလုပ်ငန်းများမှာ အများစုဖြစ်သော်လည်း ယခုစတုတ္တအကြိမ်တွင် တိုင်းဒေသကြီး/ ပြည်နယ် အခြေစိုက်ဖြစ်သော စီးပွားရေးလုပ်ငန်းများ ဉီးစားပေး ဆောင်ရွက်ထားပါကြောင်း၊ ချေးငွေများကို ယခုထက်ပိုမို၍ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စိစစ်သည့်အဖွဲ့များအား အင်အားဖြည့်တင်း၍ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက နိုင်ငံတော်မှ ထပ်မံခွင့်ပြုမည့် ချေးငွေများ ထုတ်ပေးရာတွင် CERP နှင့်အညီ ပိုမိုထိရောက်သည့် နည်းလမ်းဖြင့် ချေးငွေထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်၏စီးပွားရေး ပြန်လည်ထူထောင်လာရေးအတွက် လက်ရှိဉီးစားပေး ကဏ္ဍများအပြင် ထပ်မံဆောင်ရွက်သင့်သည့် ဉီးစားပေးကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးမှ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသောလုပ်ငန်းများအတွက် စတုတ္တအသုတ်အဖြစ် ချေးငွေထပ်မံ ထုတ်ပေးနိုင်ရေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


