နေပြည်တော် ၁၇ ဇွန်
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၆/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဉီးစိုးဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ ယနေ့အထိ အစည်းအဝေး (၅)ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၅၆)ခု ချမှတ်ကာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများကို စိစစ်ထုတ်ပေးလျက်ရှိရာ ခြောက်ကြိမ် ထုတ်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းပေါင်း ၃၀၉၄ ခုသို့ ချေးငွေ ၈၆ ဒသမ ၇၄၁၉ ဘီလီယံ ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ပြန်လည်သုံးသပ်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက လုပ်ငန်းကော်မတီက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ညှိနှိုင်းကြပြီး UMFCCI နှင့် MICPA တို့မှ ဒုတိယအကြိမ် ထပ်မံစိစစ်ထောက်ခံသည့် လုပ်ငန်းများသို့ သတ္တမအကြိမ်မြောက် ချေးငွေအဖြစ် ထုတ်ပေးနိုင်ရေး၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရန်ပုံငွေ ထပ်မံလျာထားရာတွင် ချေးငွေထုတ်ပေးမည့် လုပ်ငန်းကဏ္ဍများ သတ်မှတ်ရေး၊ ချေးငွေရယူထားသည့် လုပ်ငန်းများက ချေးငွေအသုံးပြုမှုအပေါ် စိစစ်ကြပ်မတ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ပေးပို့လာသည့် ကိစ္စရပ်များ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက အဆိုပြုတင်ပြလာသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


