ရန်ကုန် ၂၁ မေ

ဒို့အိမ်လူမှုအကျိုးပြု အဖွဲ့အစည်းမှ “ဒို့အိမ်” ဟူသော အမည်ဖြင့် ကိုဗစ်-၁၉ ကြောင့် ခံစားနေကြရသည့် ဈေးသည်များအတွက် ရန်ပုံငွေအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန် မြို့ရှိ ဒေါပုံ၊ လှိုင်သာယာနှင့် တာမွေမြို့နယ်အတွင်းရှိ ဈေးသည်များအတွက်ပါ တိုးချဲ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ ဆက်ပြီးတိုးချဲ့မယ့် မြို့နယ်တွေကတော့ ဒေါပုံ၊ လှိုင်သာယာရယ်ပါ။ အတော်များများက ဒီမြို့စွန်ဘက်တွေက ပိုပြီး လိုအပ်တယ်လို့ ပြောသံကြားတဲ့အတွက် ထပ်ပြီးတိုးချဲ့ထားပါတယ်။ နောက်ထပ်လည်း တာမွေမြို့နယ်ကို တိုးချဲ့သွားပါ့မယ်။ တာမွေက လွှတ်တော်အမတ်တွေရော၊ ဈေးက စည်ပင်တာဝန်ခံတွေကရော သူတို့ကူညီပေးနိုင်တယ်။ ဈေးသည် စာရင်းကို သူတို့ ပေးပေးပါမယ်။ ပြီးတော့ ညှိနှိုင်းလုပ်ထားတာတော့ရှိတယ်ဟု ဈေးသည်များအတွက် ရန်ပုံငွေအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဂျူနီယာပရောဂျက်မန်နေဂျာ မခိုင်ယဉ်ထွန်းက ပြောသည်။

ထောက်ပံ့မှုများပြုလုပ်

အဆိုပါအစီအစဉ်ကို ဧပြီလဆန်းပိုင်းတွင် ဘိုကလေးဈေးအနီးရှိ ဈေးသည်များကို နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ စတင်ဝေငှ၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၉ရက်တွင် Wave Money မှတစ်ဆင့် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ လမ်းဘေးဈေးသည် ၇၅ ဦးကို တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း ၊ သိရသည်။ ။

သိန်း ၂၀၀ ကျော်လှူဒါန်း

ဆက်လက်၍ ဧပြီ ၂၄ ရက်တွင် လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင် မြို့နယ်များမှ လမ်းဘေးဈေးသည် ၁၇၂ ဦးကို တစ်ဦးလျှင် ငွေကျပ်၊ တစ်သောင်းစီကို ၎င်းတို့၏ဖုန်းများသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ အလှူငွေရရှိမှုပေါ် မူတည်၍ မြို့နယ်များ ထပ်မံတိုးချဲ့ ခဲ့ရာ မေ ၁၅ ရက်တွင် ဗိုလ်တထောင်လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စသောမြို့နယ်ပေါင်း ရှစ်မြို့နယ်မှ ဈေးသည်ပေါင်း ၁၀၂၉ ဦးအတွက် ငွေကျပ် သိန်း ၂၀၀ ကျော်လှူဒါန်းပြီး ဖြစ်ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ထိခိုက်နစ်နာပြီး အခက်အခဲ ရင်ဆိုင်နေရသော ဈေးသည်များ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အဆင်ပြေစေရန်နှင့် ၎င်းတို့ကို မှီခိုနေသူများအတွက် အတိုင်းအတာ တစ်ခုအထိ ပြေလည်စေရန် တိုက်ရိုက်အလှူငွေပေးအပ်ခြင်း၊ လုပ်အားဖြင့် ကူညီခြင်း၊ အကာအကွယ် အသုံးအဆောင်များလှူဒါန်းခြင်းတို့ဖြင့် ဈေးသည်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ဈေးသည်များအတွက် ရန်ပုံငွေအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ နှစ်သိန်းခန့်လို

ဒို့အိမ်လူမှုအကျိုးပြု အဖွဲ့အစည်းမှ ကိုရိုနာဗိုင်းရပ်စ် ဘေးဒဏ်ခံစားနေကြ ရသည့် ဈေးသည်များအတွက် ရန်ပုံငွေအစီအစဉ်ကို MultVerse Advertising နှင့် Wave Money တို့ဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဇွန်လကုန်အထိ ဈေးသည်ဦးရေ ၅၀၀၀ ခန့်ကို လှူဒါန်းသွားနိုင်ရန် မျှော်မှန်းထားကာ ယင်းအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းခန့် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

ဓာတ်ပုံ - ဒို့အိမ်