၁၄ ဇွန်

 

လောကဝတ်တွေအကြောင်းကို ကလေးတို့ကို မမက အပတ်စဉ်ပြောပြပေးခဲ့တာကို ကလေး တို့ သိကြပါတယ်နော်။ ဒီတစ်ပတ်မှာတော့ အခုမမတို့အားလုံးကိုအိမ်မှာပဲ အများဆုံးနေအောင် အပြင်မထွက်ရဲအောင် ခြောက်လှန့်နေတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်နဲ့ မမတို့ သိထားရမယ့် ရှောင်ရှားဖို့အကြောင်းလေးကို မမက သတင်းပေးပါရစေ။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်သာ မမတို့၊ ကလေး တို့နဲ့ ထိတွေ့မိမယ်ဆိုရင် မမတို့တွေရဲ့ မိသားစုတွေ၊ မောင်လေးတွေ၊ ညီမလေးတွေ၊ မိဘတွေ၊ သူငယ်ချင်းတွေအားလုံး ကူးစက်နိုင်တယ်ဆိုတာ ကလေးတို့လည်း သိပြီးလောက်ပါပြီ။ ဒါဆိုရင် ကိုဗစ်-၁၉ က ဘယ်လို နေရာတွေမှာ ခိုကပ်နေသလဲ၊ သူနဲ့ မထိမိ အောင် ဘယ်လိုနေမလဲဆိုတာ ကလေးတို့သိထားဖို့ လိုပါတယ်။

 

ကားလက်ကိုင်ကွင်းတွေ လိုင်းကားဖြစ်ဖြစ်၊ ရထားဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားဖြစ်ဖြစ်၊ ဆိုက်ကားဖြစ်ဖြစ်ပေါ့ကွယ်။ လူအများစီးနင်းတဲ့ ယာဉ်တွေရဲ့ လက်ကိုင်တဲ့နေရာတွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်တွေ ကပ်နေတတ်ပါတယ်။ ဒါကြောင့် ကလေးတို့က ဖြစ်နိုင်ရင် လက်ကိုင်ကွင်းတွေ၊ လက်ကိုင်တန်းတွေကို မကိုင်ကြဖို့လိုပါတယ်။ ကိုင်မိရင်တောင် အမြန်ဆုံးလက်ကိုခဏခဏ ဆေးပါလို့။ လှေကားလက်ရန်းတွေ ရှော့ပင်းမောလ်ကြီးတွေရဲ့ စက်လှေကား လက်ရန်းတွေကို ကလေးတွေ အများစုက ကိုင်ပြီးမှ တက်ကြတာကို မမသတိထားမိ တယ်။ အဲဒီမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်တွေ ကပ်နေနိုင်တယ် ကလေးတို့ရေ။ ဒါကြောင့် ဖြစ်နိုင်ရင် ကျောင်းမှာဖြစ်ဖြစ်၊ အပြင် ဘယ်နေရာကိုပဲ သွားသွားပေါ့ လှေကား လက်ရန်းတွေကို မကိုင်ကြဖို့လိုပါတယ်နော်။

 

ထိုင်ခုံတွေနဲ့ ဓာတ်လှေကားခလုတ်တွေ အများသုံး ထိုင်ခုံတွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရှိနိုင်တယ်။ သူက လေးပြီး အရာဝတ္ထုတွေမှာ နာရီပေါင်းများစွာ နေနိုင်တယ်ဆိုတာ မေ့မထားကြပါနဲ့နော်။ နောက်တစ်ခုကတော့ ဓာတ်လှေကားက အပေါ်ကိုတက်မယ့် ခလုတ်တွေ၊ အထပ်လွှာတွေရေးသားထားတဲ့ ခလုတ်တွေပေါ့။ ရောဂါဖြစ်နေတဲ့လူတစ်ယောက်သာ ကလေးတို့ မရောက်ခင်မှာ ကိုင်ထားမယ်ဆိုရင် သူ့လက်ကနေ ရောဂါပိုးတွေက အဲဒါတွေမှာ ကပ်နေနိုင်တာမို့ ဘယ်မှာဖြစ်ဖြစ် အတတ် နိုင်ဆုံး မထိုင်ခင်စဉ်းစား၊ မနှိပ်ခင်သတိထား ပါ။ ပြီးတာနဲ့ လက်ကို ဆေးပါ။ လက်မဆေး ခင် ကလေးတို့ရဲ့ ခန္ဓာကိုယ် ဘယ်နေရာကို မှ မကိုင်မိစေနဲ့တော့နော်။

 

ဖိနပ်တွေနဲ့ ကျောပိုးအိတ်တွေ၊ စာအုပ်တွေကလေးတို့ ဖိနပ်တွေဟာ သူများရဲ့ တံတွေး၊ သလိပ်စတာတွေနဲ့ မထိတွေ့ဘူး ဆိုတာ မသေချာတဲ့အတွက် ကလေးတို့က ဖိနပ်တွေကို မကြာခဏ ဆေးကြောတာ လုပ်သင့်သလို ခြေထောက်တွေကိုလည်း သန့်ရှင်းအောင် ဆေးကြောဖို့ လိုပါတယ်။

 

ကျောပိုးအိတ်တွေ၊ စာအုပ်တွေ၊ ခဲတံတွေနဲ့ အခြားသော ကလေးတို့ အသုံးအဆောင် တွေဟာလည်း ရောဂါရှိသူနဲ့ မတော်တဆပဲဖြစ်ဖြစ် ထိတွေ့နိုင်တာမို့ အကောင်းဆုံးကတော့ သန့်ရှင်းအောင် ထားရမယ်၊ ပြီးတော့ လက်ကို ခဏခဏ ဆေးရမယ်နော်။ ဖုန်းနဲ့တက်ဘလက်မျက်နှာပြင်မှာ ကပ်နေတတ်တယ် ဖုန်းတွေကို တွေ့ကရာမှာ ချတတ်သလား။ ဒါမှမဟုတ် လက်ထဲမှာကိုင်ထား တာလား။ ဒါဆိုရင်တော့ ကလေးတို့ ဖုန်းတွေ၊ တက်ဘလက်တွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်က ကပ်နေနိုင်တယ်ဆိုတာ သတိရပါနော်။ ကိုင်ချင်ရာ လျှောက်ကိုင်ပြီး ဖုန်းတွေ ကိုင်လိုက်မိတဲ့အခါ ဖုန်းပေါ်မှာ ပိုးကကပ်နေပြီး ကလေးတို့ဆီ ရောဂါကူး နိုင်ပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင် တွေကို အရက်ပြန် ဒါမှမဟုတ် လက်ဆေး တဲ့ ဆေးရည်နဲ့ မကြာခဏဆေးကြောဖို့ လိုပါတယ်။ အားလုံးပဲကိုဗစ်-၁၉ရောဂါကို မိမိကစ ကာကွယ်ကြရအောင်နော်။ ။

 

မမမေ