ဇွန် ၂၃

 

မြန်မာနိုင်ငံတွင် သန်းနှင့်ချီသော ကလေးသူငယ် လူငယ်လူရွယ်များ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးသည် အထူးအရေးကြီးသောကိစ္စ ဖြစ်သည်။ ကလေးလူငယ်များ အသိဉာဏ် ဖွံ့ဖြိုး၍ ပညာတိုးပွားပါမှ ၎င်းတို့၏ဘဝနှင့် နိုင်ငံ၏အနာဂတ် တိုးတက်တောက်ပြောင်နိုင်မည် ဖြစ်သည်။ လူငယ်လူရွယ်များသည် နိုင်ငံ၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူမည့် လင်းလက်တောက်ပနေသော ကြယ်ပွင့်များပင် မဟုတ်ပါလော။

 

ထို့ကြောင့် ကလေးသူငယ် လူငယ်လူရွယ်များအား စဉ်ဆက်မပြတ် ပညာအမွေ လက်ဆင့်ကမ်း ပေးဝေကြရမည် ဖြစ်သည်။ မျက်မှောက်ကာလ ပညာသင်ကြားရေးသည် ကိုဗစ်-၁၉ ကြောင့် ယခင်ပညာ သင်နှစ်များနှင့်မတူ ပုံစံပြောင်းလဲကာ ဖော်ဆောင်ကြတော့မည် ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ ကူးစက်ရောဂါ ကင်းဝေးစွာဖြင့် ပညာတတ်မြောက်ရေးကို ဆောင်ကြဉ်းပေးကြရတော့မည် ဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အစီအမံများဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားရန် စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါမကူးစက်စေရေးအတွက် ကျောင်းသား ကျောင်းသူ အရေအတွက် အနည်း၊ အများ၊ သင်ကြားပို့ချပေးနိုင်မည့် ဆရာ ဆရာမများ အင်အားအပေါ်တွင်မူတည်၍ တစ်သုတ်တက်ကျောင်း၊ နှစ်သုတ်တက်ကျောင်း၊ တစ်ပတ်ခြားကျောင်းဟူ၍ ရွေးချယ်လျာထားပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် လာမည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စတင်ပညာသင်ကြားကြရတော့ မည်ဖြစ်သည်။ ထို့နောက် အလယ်တန်းအဆင့်ကို သြဂုတ်လ ၄ ရက်နေ့နှင့် မူလတန်းအဆင့်ကို သြဂုတ်လလယ်တွင် ဖွင့်လှစ်သွားရန် အခြေခံပညာ ဦးစီးဌာနက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

 

ယခုအခါ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အခြေခံပညာဆရာ၊ ဆရာမများ စုပေါင်း၍ ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းတက်၊ ကျောင်းဆင်း၊ ကျောင်းကြို၊ ကျောင်းပို့ရေး၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ ဆရာမများ ကူးစက်ရောဂါ အကာအကွယ်များ ဆောင်ရွက်ရေး၊ စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ တစ်ဦးနှင့်တစ်ဦး ခြောက်ပေစီခြားပြီး ပညာသင်ကြားနိုင်ရေးတို့အတွက် စာသင်ခုံ၊ စာသင်ခန်း၊ နေရာထိုင်ခင်း အစီအစဉ်များကိုလစ်ဟင်းမှုမရှိစေရန် စနစ်တကျပြင်ဆင်ဆောင်ရွက်နေကြသည်။

 

နိုင်ငံတစ်ဝန်းတွင် အခြေခံပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိပြီး ကျောင်းသား ကျောင်းသူပေါင်း ကိုးသန်းကျော်ရှိကာ ဆရာ ဆရာမ သုံးသိန်းကျော်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုအပ်ချက်များ၊ အစီအမံများကို ကျောင်းများအားလုံးအတွက် ဆောင်ရွက်နိုင်ရေးမှာ လက်တွေ့တွင် လွယ်ကူလှသောကိစ္စရပ်မဟုတ်ပေ။ ကျောင်းသား ကျောင်းသူ အနည်း၊ အများနှင့် စွမ်းဆောင်နိုင်မှု အနေအထားများအရ အဆင်ပြေအောင် ဆောင်ရွက်နိုင်သော ကျောင်းများရှိသလို အဆင်မပြေ အခက်အခဲရှိသော ကျောင်းများလည်းရှိမည်ဖြစ်သည်။ ထို့ကြောင့် ပညာရေးဌာနနှင့် ကျောင်းများသာမက မိဘပြည်သူများနှင့် စေတနာရှင် အဖွဲ့အစည်းများကပါ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသင့်ပေသည်။ ။

 

အဓိကမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဆောင်ရွက်ပေးရေးတို့အပြင် ကျောင်းသား ကျောင်းသူ၊ အုပ်ထိန်းသူ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာဗဟုသုတများ တိုးပွားပြီး ကျောင်းသား ကျောင်းသူများ၊ အထူးသဖြင့် မူလတန်းအရွယ် ကလေးငယ်များ လက်ကိုဆပ်ပြာဖြင့် ဆေးကြောခြင်း၊ နှာခေါင်းပါးစပ် စည်းများ ဝတ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း စသည့်ပြုမှုဆောင်ရွက်မှုများကို နေ့စဉ် အလေ့အထဖြစ်လာစေရန် ဆရာ ဆရာမများ၏ အသိပညာပေး လမ်းညွှန်မှုများအပြင် မိဘအုပ်ထိန်းသူများ၏ ကူညီပေးမှုများဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ စာသင်ကျောင်းဆိုသည်မှာ ကျောင်းသား ကျောင်းသူများ စုဝေးရာနေရာဖြစ်၍ ကျောင်းသား ကျောင်းသူများ အစုအဝေးများကို လျှော့ချရေး၊ ရောဂါကာကွယ်ရေး အလေ့အထ အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းရေးအတွက် ကျောင်းများအားလုံးမှ တာဝန်ရှိသော ဆရာ ဆရာမများသာမက မိဘအုပ်ထိန်းသူများနှင့် ပြည်သူများကပါ ကိုဗစ်-၁၉ ကိုကျော်လွှား၍ ပညာသင်ကြားနိုင်မည့် ရည်မှန်းချက်အောင်မြင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ