ရန်ကုန်၊  ၁၇  ဒီဇင်ဘာ 

စီးပွားရေးအချက်အချာကြပြီး လူဦးရေထူထပ်များပြားသော ရန်ကုန်မြို့ ဝန်းကျင်ဒေသများတွင် ဒုတိယအကျော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း၌ Delivery (ကုန်ပစ္စည်းများကို အိမ်တိုင်ရာရောက်ပို့ပေး)သည့် လုပ်ငန်းများ ပြည်သူအကြာ ပိုမိုကျယ်ပြန့် တွင်ကျယ်စွာ လုပ်ကိုင်လာလျက်ရှိကြောင်း စီးပွားဖြစ်  Delivery လုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းရှင်များထံမှ သိရသည်။

 

ယနေ့ ရန်ကုန်ဝန်းကျင်ဒေသတွင် ကျယ်ပြန့်စွာ လုပ်ကိုင်လာလျက်ရှိသော Delivery လုပ်ငန်း သည် ချောစာ၊ ချောထုပ်၊ ကုန်ပစ္စည်း စသည်တို့ကို အိမ်တိုင်ရာရောက် အရောက်ပို့ဆောင်ပေးသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော်လည်း ယခုအခါ လူမှုဝန်းကျင်တွင် စားသောက်ကုန်များပါ ပိုမိုကျယ်ပြန့်စွာ ဝန်ဆောင်မှု ပေးလာကြကြောင်း သိရသည်။

 

“ကျွန်မတို့ မိသားစုက အရင်ကတော့ အထည်ဆိုင်ဖွင့်ထားပါတယ်။ နောက်ပိုင်း ကိုဗစ် ကလည်း ရက်လရှည်ကြာလာတော့ ဘာလုပ်ကိုင်ရမှန်း မသိတော့ဘဲ ဒီ Delivery လုပ်ငန်းကို အသိတွေမှာတဲ့ အထည်လေးတွေ ပို့ဖြစ်ရင်းနဲ့ အခုလို ပိုမိုတွင်ကျယ်စွာ လုပ်ကိုင် ဖြစ်သွားတာပါ ဟု Delivery လုပ်ငန်းကို လက်ရှိ ဝန်ဆောင်မှုပေးနေသော တာမွေမြို့နယ်မှ မနီနီအောင်က ပြောသည်။

 

Delivery ဝန်ဆောင်မှုလုပ်ငန်းတွင် ဈေးနှုန်းအနေဖြင့် ခရီးအဝေး၊ အနီးပေါ်မူတည်ကာ ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ဝန်းဆောင်ခအနေဖြင့် ငွေကျပ် ၂၀၀၀ နှင့် ၃၀၀၀ ဝန်းကျင်တွင်ရှိပြီး ရန်ကုန်မြို့နှင့် အနယ်ငယ်အလှမ်းဝေးသော ဒေသသို့ ပို့ဆောင်လိုလျှင် ငွေကျပ် ၃၅၀၀ နှင့် ၄၀၀၀ ဝန်းကျင်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း မြေပြင် Delivery လုပ်ငန်းများကို စက်ဘီးဖြင့် ဝန်ဆောင်မှုပေးနေသော ကိုမြင့်လွင် ထံမှ သိရသည်။

 

ယခင်က  Delivery ဝန်ဆောင်မှုလုပ်ငန်းများကို လူ၊ စက်ဘီး တို့ဖြင့် လိုက်လံပို့ဆောင်ပေးသော်လည်း ယခုအခါ အိမ်စီးကား၊ အငှားယာဉ်များဖြင့်ပင် အသုံးပြု ဝန်ဆောင်ပေးလျက်ရှိကြောင်းနှင့် ရန်ကုန်ဝန်းကျင်ဒေသများသာမက နိုင်ငံတစ်ဝန်းတွင်လည်း ဖြည်းဖြည်းချင်း ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာလျက်ရှိကြောင်း သိရသည်။

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်