တီဟီရန် ၂၂ ဧပြီ
အီရန်နိုင်ငံ၌ ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်နေရချိန်တွင် ဥရောပနိုင်ငံများအနေဖြင့် အမေရိကန်က အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုများချမှတ်ကာ ဖိအားပေးနေခြင်းကို ကန့်ကွက်ကြရန် အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ဧပြီ ၂၁ ရက်တွင် တိုက်တွန်းလိုက်ကြောင်း သိရသည်။
အီရန်အပါအဝင် တစ်ကမ္ဘာလုံးကကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှုကို အလူးအလဲ ရင်ဆိုင်တိုက်ခိုက်နေရချိန်တွင် အမေရိကန်၏ စီးပွားရေးအရ ဖိအားပေးမှုများသည် ပို၍ရက်စက်လာကြောင်း အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီနှင့်တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့မှုအတွင်း သမ္မတ ရိုဟာနီက ပြောကြားခဲ့သည်။
လူမဆန်သည့် ဖိအားပေးမှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်းသည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း ၎င်းကပြောခဲ့ပြီး နိုင်ငံတကာ စည်းမျဉ်းဥပဒေများကို ချိုးဖောက်နေသည့် အမေရိကန်၏ အပြုအမူကို ကန့်ကွက်ဆန့်ကျင်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။ ဥရောပနိုင်ငံများ အထူးသဖြင့် အီတလီသည် ကပ်ရောဂါကြောင့် အကျပ်အတည်း ကျရောက်နေသည့် ယခုကဲ့သို့ အချိန်ကာလမျိုးတွင် အမေရိကန်၏ ယင်းကဲ့သို့ နိုင်ငံတကာ စည်းမျဉ်းချိုးဖောက်မှုကို လက်မခံသည့် ရပ်တည်ချက်မျိုးဖော်ပြရန် အီရန်သမ္မတက တိုက်တွန်းလိုက်သည်။
ဆင်ဟွာ