ဖျာပုံ ၁၇ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဝက်ဝမ်းကျ၊ ကြက်လည်လိမ် နှင့် ကြက်၊ ဘဲ ဝမ်းကျ ရောဂါကာကွယ်ဆေးများကို ဖျာပုံခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မေ ၃၀ မှ ဇွန် ၁၈ ထိ ကွင်းဆင်းထိုးနှံပေးမည်ဖြစ်သည်။
ကျေးလက်ဒေသ တစ်နိုင်တစ်ပိုင် မွေးမြူရေးသမားများအနေဖြင့် အသွားအလာ ကန့်သတ်ခြင်း ခံထားရသည့်အတွက် ဝင်ငွေလျော့ပါးလျက် ရှိသောကြောင့် ၎င်းတို့မွေးမြူထားသော တိရိစ္ဆန်များ အသေအပျောက် ကင်းပြီး မွေးမြူရေးလုပ်ငန်းမှ အကျိုးအမြတ် ရရှိစေရန်နှင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို စီမံချက် ရေးဆွဲ၍ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံရာတွင် ဝက်ဝမ်းကျ ကာကွယ်ဆေး အဆ (၁၀၅၀)၊ ဒေသကြက် လည်လိမ်မျက်စဉ်းဆေး အဆ (၂၅၀၀) နှင့် ကြက်၊ ဘဲဝမ်းကျကာကွယ်ဆေး အဆ(၂၃၀၀) ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း ဖျာပုံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ထံမှသိရသည်။
လှလှနွယ်(ခရိုင်ပြန်/ဆက်)


