ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှခြေစစ်ပွဲနှင့် ပြိုင်ပွဲအချို့ ဖျက်သိမ်းခဲ့ရ

ရန်ကုန်  ဇူလိုင်  ၇  

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်းပြန်လည်မြင့်တက်လာသဖြင့် ယခုနှစ်နှင့် လာမည့်နှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် အာရှခြေစစ်ပွဲနှင့် ပြိုင်ပွဲအချို့ ဖျက်သိမ်းခဲ့ရသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အတွင်း ကျင်းပမည်ဖြစ်သော်လည်း ၂၀၂၂ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀အမျိုးသမီးခြေစစ်ပွဲများ ဖျက်သိမ်းခဲ့သည်။ ထို့ပြင် ကလပ်ပြိုင်ပွဲဖြစ် သည့် AFC Cup ပြိုင်ပွဲ အာဆီယံဇုန်အုပ်စုပွဲများကိုလည်း ဖျက်သိမ်း ခဲ့ရပြီး အခြားဇုန်ပွဲစဉ်များသာ ဆက်လက်ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာကလပ်များဖြစ်သော ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းမှာမူ နှစ်လယ်ပိုင်းမတိုင်မီကတည် က နုတ်ထွက်ထားသည်။ ထို့ပြင် ယခုနှစ်အတွင်း ကျင်းပမည့် အာရှဖလား ယူ-၂၀ ဖူဆယ်ပြိုင်ပွဲနှင့် အာရှဖလား အမျိုး သမီးဖူဆယ်ပြိုင်ပွဲတို့ကိုလည်း ဖျက်သိမ်းခဲ့ရသည်။

ယခုနှစ် အောက်တိုဘာတွင် ကျင်းပရန် စီစဉ်ထားသည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကိုမူ  သတ်မှတ်ရက်အတိုင်းပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လာမည့်နှစ်တွင် ကျင်းပမည့်ပြိုင်ပွဲ များအနက် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ  နောက်ဆုံးအဆင့်ကို သတ်မှတ်ထားသည့်ရက်အတိုင်း မဖြစ်မနေကျင်းပမည်ဖြစ်ပြီး အာရှဖလား ဖူဆယ်ပြိုင်ပွဲကျင်းပမည့်ရက်ကိုမူ အပြောင်းအလဲ ပြုလုပ်ကာ စက်တင်ဘာ နောက်ဆုံးပတ်သို့ ရွှေ့ဆိုင်းခဲ့သည်။ လာမည့်နှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ပြိုင်ပွဲနှင့် ခြေစစ်ပွဲအချို့ကိုလည်း ကပ်ရောဂါအပေါ်မူတည်၍ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာအသင်းများသည် အာရှဘောလုံး အဖွဲ့ချုပ်က ပြုလုပ်မည့် ပြိုင်ပွဲအားလုံးနီးပါး  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ပြိုင်ပွဲနှင့် ခြေစစ်ပွဲများ ဖျက်သိမ်းမှုကြောင့် လေ့ကျင့်မည့်အစီအစဉ်များ ပြောင်းလဲရဖွယ်ရှိနေသည်။ မြန်မာဘောလုံးနှင့် ဖူဆယ်အသင်းအများစုမှာလည်း  ကပ်ရောဂါကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကိုညီလေး