မန္တလေး ၁၅ မေ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားရသည့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရွှေဆိုင်များ ကို မေ ၁၆ ရက်မှ စတင်၍ ပြန်လည် ဖွင့်လှစ်ရောင်းချ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်း ထံမှသိရသည်။
ရွှေဆိုင်အကြီးတွေရော အသေးတွေရော အကုန်ဖွင့်ရမှာပါ ဒါပေမယ့်လည်း ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီပဲ ၀န်ထမ်းတွေလျှော့ချရမယ် အဓိက က လူစုလူဝေး မဖြစ်စေဖို့ပါပဲ အဲဒီညွှန်ကြားချက်တွေ လိုက်နာပြီး ဖွင့်လို့ရပါပြီဟု မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်း က ပြောကြားသည်။
ရွှေဆိုင်တွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ မန္တလေးမြို့တော်စ ည်ပင်သာယာရေး ကော်မတီ တာ၀န်ရှိသူများက ရွှေဆိုင်လုပ်ငန်းရှင်များကို ယနေ့နံနက်ပိုင်းတွင် ခေါ်ယူတွေ့ဆုံ အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဗစ်ကပ်ရောဂါကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ရွှေဆိုင်များကို ပြီးခဲ့သည့် ဧပြီလ အစောပိုင်းမှ စတင်၍ ပိတ်သိမ်းရန် ညွှန်ကြားထားခြင်းဖြစ်ပြီး အများပြည်သူ ပြန်လည်ရောင်းချနိုင်ရေးအတွက် ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း သိရသည်။
“ကျန်းမာရေးက အသိပညာပေးထားတဲ့အတိုင်းပဲ စနစ်တကျနဲ့ပြန်ဖွင့်လို့ရပါပြီ အဓိက က ရွှေပြန်ရောင်းချင်သူတွေအတွက် အဆင်ပြေစေဖို့က အဓိကပါ ပြည်သူကို အဓိကထားဖို့လည်း တာ၀န်ရှိသူတွေက ညွှန်ကြားထားပါတယ်” လို့လည်း ၄င်းကဆက်လက်ပြောကြားသည်။
“အခက်အခဲဖြစ်တာကတော့ ၀န်ထမ်းတွေကိစ္စပါ တစ်ချို့လည်း နယ်ကဆိုတော့ ဆိုင်ပိတ်ရတဲ့အခါမှာ သူတို့လည်း အခက်အခဲဖြစ်ကြရတာပေါ့၊ ကျွန်တော်တို့အနေနဲ့ကတော့ အခုပြန်ဖွင့်ဆိုတော့လည်း စနစ်တကျနဲ့ ပြန်ဖွင့်နိုင်ဖို့ပဲ ပြင်ဆင်နေရပါတယ်၊ မနက်ဖြန်စဖွင့်ပါပြီ” လို့ အောင်သမာဓိ ရွှေဆိုင်အထွေထွေမန်နေဂျာ ဦးမော်ကပြောကြားသည်။
မန္တလေးမြို့တွင် ရွှေဆိုင်ကြီး (၃၆) ဆိုင်ရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ စျေးများတွင် ရွှေဆိုင်ပေါင်းရာနဲ့ချီပြီးရှိကြောင်း သိရပြီး လက်ရှိတွင် ရွှေဆိုင်များ ပြန်လည်ဖွင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


