ကိပ်တောင်း ၂၅ ဇူလိုင်
ကိုဗစ်-၁၉ ကူးစက်ရောဂါကျရောက်နေသည့်ကာလအတွင်း ကျန်းမာရေးကဏ္ဍတွင် အကျင့်ပျက်ခြစားမှုများကို နှိမ်နင်းရန်နှင့် ရောဂါကူးစက်မှုကို တိုက်ဖျက်ရန် ရရှိထားသည့် အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲသွားမည်ဟု တောင်အာဖရိက သမ္မတ ရာမာဖိုဆာက အလေးအနက်ကတိပြုပြောကြားလိုက်ကြောင်း သိရသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ စတင်ကူးစက်ဖြစ်ပွားခဲ့သည့် မတ်လအစောပိုင်းမှစတင်ကာ လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာ သက်သာချောင်ချိရေး ရန်ပုံငွေများကို ချမှတ် အကောင်အထည်ဖော်ခဲ့ပြီး လိုအပ်သည့် အကူအညီ အထောက်အပံ့များကို လိုအပ်သည့်နေရာများသို့ ပို့ဆောင်ခဲ့ကြောင်း သမ္မတရာမာဖိုဆာက နိုင်ငံတော်သို့ မိန့်ခွန်းပြော ကြားခဲ့မှုကို ရုပ်သံမှထုတ်လွှင့်တင်ဆက်ခဲ့သည်။
သို့သော်လည်း မိမိအနေနှင့်သာမက တောင်အာဖရိက နိုင်ငံသားများအားလုံးက စိုးရိမ်နေကြရသည့်အချက်မှာ ရန်ပုံငွေခိုးယူမှုများဖြစ်ပြီး အဆိုပါရန်ပုံငွေများကို တလွဲအသုံးပြုမှုများဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို ဈေးတင်ရောင်းချမှုများ၊
အစားအသောက် လိုအပ်သည့် အိမ်ထောင်စုများဆီသို့ ပို့ဆောင်လိုက်သည့် အစားအသောက်ထုပ်များ အခြားနေရာသို့ ရောက်သွားမည်ကို စိုးရိမ်မိကြောင်း၊ ပြည်သူ့ ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်မှုများနှင့် အကျင့်ပျက်မှု များရှိနေသည်ကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံအတွင်း အထူးသဖြင့် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားနေချိန်တွင် ကျန်းမာရေးကဏ္ဍ၌ ဝန်ဆောင်မှု ပေးမှုများတွင် အကျင့်ပျက်မှုများရှိနေကြောင်း တောင်အာဖရိကအကျင့်ပျက်ခြစားမှု စောင့်ကြည့်အဖွဲ့က အစီရင်ခံခဲ့ပြီးနောက် ရက်ပိုင်းအတွင်း သမ္မတ ရာမာဖိုဆာက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ