ပုသိမ် ၂၂ မေ

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ကုသရေးလုပ်ငန်းများ လုပ်ကိုင်နေသော ကျန်းမာရေး ဝန်ထမ်းများနှင့် အတည်ပြု လူနာတစ်ဦးအတွက် ဧရာဝတီဖောင်ဒေးရှင်းက ယမန်နေ့က  ပုသိမ်မြို့ကုတင် ၅၀ဝ အထွေထွေရောဂါကု ဆေးရုံကြီး၌ အလှူငွေများ လှူဒါန်းသည်။

 

လှူဒါန်းပွဲတွင် ဧရာဝတီဖောင်ဒေးရှင်းက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ လူနာများကို တာဝန်ယူစောင့်ရှောက်ပေးနေသော ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများ လုပ်ကိုင်နေသော တိုင်းဒေသကြီးအတွင်း ကျန်းမာရေး ဝန်ထမ်းများအတွက် ကျပ်သိန်း ၅၀ နှင့် ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသခံနေသော ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၁၉၁) အတွက် ငွေကျပ် ၅ သိန်းအား ဧရာဝတီဖောင်ဒေးရှင်းကိုယ်စား AYA Bank တိုင်းဒေသကြီး-၄၊ ဇုန် (၁)နှင့် (၃) တာဝန်ခံ မန်နေဂျာ ဦးဝင်းလှိုင်နှင့် ဝန်ထမ်းများက ပေးအပ်လှူဒါန်းရာ ပုသိမ် ကုတင်(၅၀ဝ)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က လက်ခံရယူသည်။

 

အတည်ပြုလူနာအမှတ် (၁၉၁)သည် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်လေဆိပ်မှ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ရှိ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကားဖြင့်တိုက်ရိုက် ခေါ်ဆောင်လာသဖြင့် လမ်းတွင် မည်သူနှင့်မျှ ထိတွေ့ဆက်စပ်မှု မရှိခဲ့ကြောင်း၊ ၎င်းအား ဓါတ်ခွဲအတည်ပြုစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် မေ ၁၉ ရက်နေ့မှစ၍ ပုသိမ်ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိပြီး ယနေ့အချိန်အထိ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

 

 ကိုတွတ်(ပြန်/ဆက်)