ရန်ကုန် ၂၆ ဧပြီ

 

ပြည်ထောင်စုရာထူး၀န်အဖွဲ့ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကိုဗစ်-၁၉ ကုသ‌ရေးဌာန၊ ရန်ကုန်(ဖောင်ကြီး) (COVID -19 Medical) တွင် အသုံးပြုနိုင်ရန်အတွက် ပညာရေး၀န်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အထောက်အကူပြုပစ္စည်းတစ်ခုဖြစ်သည့် Trolley Robot (TR201) နှင့် Container Robot (CR201) တို့ကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟို၀န်ထမ်းတက္ကသိုလ်-ဖောင်ကြီး (အောက်မြန်မာပြည်) သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

 

အဆိုပါ အထောက်အကူပြုပစ္စည်းများကို ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက်က္ခချုပ် ဒေါက်တာမြင့်သိန်း၊ နည်းပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီနှင့် အဖွဲ့ဝင်များက ပညာရေးဝန်ကြီးဌာန ကိုယ်စား လှူဒါန်းရာ ကိုဗစ်-၁၉ ကုသရေးဌာန ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)၏ ဆေးရုံအုပ်ကြီး ဒေါက်တာဉီးကိုကိုနိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ‌ ပေးအပ်သည်။

 

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်လျက်ရှိတဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ ရောဂါရှင်‌ Positive လူနာ ထိ‌တွေ့နှုန်းကို‌ လျှော့ချချင်လို့ အလိုအ‌လျောက်‌ပေးမယ့် စက်ရုပ်‌တွေကို တီထွင်ပြုလုပ်လှူဒါန်းပေးရခြင်း ဖြစ်ပါတယ်”ဟု ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက ပြောသည်။

 

အဆိုပါစက်ရုပ်များကို အသုံးပြုခြင်းဖြင့် နေ့စဉ် ကျန်းမာရေးဝန်ထမ်းနှင့် အတည်ပြုလူနာတို့အကြား နံနက်၊ နေ့လယ်၊ ညနေတို့တွင် အစားအသောက်နှင့် ဆေးဝါးပေးပို့ခြင်းတို့အတွက် အနည်းဆုံး (၆)ကြိမ် ထိတွေ့နိုင်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။

 

ယင်းအထောက်အကူပြု ပစ္စည်းများသည် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ တိုက်ရိုက်ထိတွေ့မှု လျှော့ချနိုင်ရန်ရည်ရွယ်၍ နည်းပညာတက္ကသိုလ် နှစ်ခုမှ တာဝန်ယူတည်ဆောက်ပေးခဲ့ကြောင်း၊ ဆေးဝါးပစ္စည်းများ၊ အစားအသောက်များ၊ စွန့်ပစ်ပစ္စည်းများ၊ လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို လူနာများ၏ အခန်းရှေ့အရောက် အလိုအလျောက် သယ်ဆောင်သွားနိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Trolley Robot (TR201) နှင့် Container Robot (CR201) တို့ကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု အဆင့်မြင့်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် Mechatronic Engineering ဘာသာရပ် အဖွဲ့ခေါင်းဆောင် ဒေါက်တာသိင်္ဂီမှ ဦးဆောင်၍ TR201 ကို ရန်ကုန်နည်းပညာတက္ကသိုလ် (Mechatronic Engineering ဌာန) မှ လည်းကောင်း၊ Container Robot (CR201) ကို မန္တလေးနည်းပညာတက္ကသိုလ် (Mechatronic Engineering ဌာန) မှ လည်းကောင်း ဧပြီ ၁၈ ရက်မှ စတင်ကာ တာဝန်ယူတည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ကိုဗစ်-၁၉ ကျန်းမာရေးစင်တာများတွင် အသုံးပြုနိုင်မည့် စက်ရုပ်များကို ပညာရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်များနှင့် သုတေသနစင်တာများက စမ်းသပ်ထီထွင်လျက်ရှိကြောင်းလည်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)