ရန်ကုန် ၂၄ မေ
ပြည်ထောင်စုရာထူး၀န်အဖွဲ့ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်(ဖောင်ကြီး) (COVID -19 Medical)သို့ အသုံးပြုနိုင်ရန်အတွက် ပညာရေး၀န်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအထောက်အကူပြု ပစ္စည်းတစ်ခုဖြစ်သည့် Remote Control Trolley (RCT201) တို့ကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟို၀န်ထမ်းတက္ကသိုလ်-ဖောင်ကြီး (အောက်မြန်မာပြည်)သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါအထောက်အကူပြုပစ္စည်းများကို နည်းပညာတက္ကသိုလ် (သန်လျင်)မှ တာဝန်ရှိသူများမှ လှူဒါန်းရာ ကိုဗစ်-၁၉ ကုသရေးဌာန ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာဦးကိုကိုနိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းအထောက်အကူပြုပစ္စည်းများသည် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ တိုက်ရိုက်ထိတွေ့မှု လျှော့ချနိုင်ရန်ရည်ရွယ်၍ နည်းပညာတက္ကသိုလ် (သန်လျင်) မက္ကာထရောနစ်အင်ဂျင်နီယာဌာနမှ တာဝန်ယူတည်ဆောက်ပေးခဲ့ကြောင်း၊ ဆေးဝါးပစ္စည်းများ၊ အစားအသောက်များ၊ စွန့်ပစ်ပစ္စည်းများ၊ လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို လူနာများ၏ အခန်းရှေ့အရောက် အလိုအလျောက် သယ်ဆောင်သွားနိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Remote Control Trolley (RCT201)တို့ကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နည်းပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီ၏ ပံ့ပိုးမှုဖြင့် မက္ကာထရောနစ်အင်ဂျင်နီယာဌာနမှ လက်ထောက်ကထိက ဒေါ်ယုယုအောင် ဦးဆောင်ပြီး မက္ကာထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသားများက ၂၉ ရက်မှစတင်ကာ တည်ဆောက်ခဲ့ရာ မေ ၂၁ ရက်တွင် အသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အာကာစိုး


