ရှန်ဟိုင်း ၁၂ မေ
ဇန်နဝါရီလ နှောင်းပိုင်းမှ စတင်ပိတ်ထားခဲ့သည့် ဒစ္စနေလန်းကို မေ ၁၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ် လိုက်ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ကူးစက်ခံရမှု ကျဆင်းလာပြီးနောက် ရှန်ဟိုင်းဒစ္စနေလန်း ဥယျာဉ်သည် ကမ္ဘာပေါ်တွင် ပထမဆုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့် ဥယျာဉ်လည်း ဖြစ်သည်။
လူကြိုက်များသည့်ဥယျာဉ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် တရုတ်သမ္မတရှီကျင့်ဖျင်အနေဖြင့် နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်သည်ဟု ပြသရာရောက်ကြောင်း နိုင်ငံခြားရေးရာ ကျွမ်းကျင်သူများက ပြောသည်။
ရှန်ဟိုင်းဒစ္စနေလန်းတွင် ကိုဗစ် -၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ကာကွယ်ရေးအစီအမံများ လုပ်ဆောင်သွားမည် ဖြစ်သည်။
လူအများစုပြုခြင်းမဖြစ်စေရေး လက်မှတ်ကြိုတင်မှာယူမှုများ၊ ဝင်ခွင့်ကန့်သတ်မှုများ၊ လာရောက် လည်ပတ်သည့် ဧည့်သည်များ နှာခေါင်းစည်း တပ်ဆင်ကြရန်အစရှိသည့်လုပ်ဆောင်မှုများ လုပ်ဆောင်သွားရန် တရုတ်အစိုးရက တောင်းဆိုထားသည်။ နံနက်၉နာရီပန်းခြံမဖွင့်မီကတည်းက ဒစ္စနေးဇာတ်ဆောင်များကဲ့သို့ ဝတ်ဆင်ထားသည့် ပရိသတ်များသည် လူအချင်းချင်း ခပ်ခွာခွာနေကာ တန်းစီစောင့်ဆိုင်းနေကြသည်။
မြေပြင်ပေါ်တွင် အမှတ်အသားများ ပြုလုပ်ထားကာ တစ်ဦးလျှင် တစ်မီတာစီ ခွာထားကြောင်း သိရသည်။ မတ် ၁၁ ရက်တွင် ဇန်နဝါရီက တည်းကပိတ်ထားသည့် ဂျပန်စာသင်ကျောင်းကိုလည်း ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အတန်းများ ပြန်စနေပြီဖြစ်သည်။ မတ်လအတွင်း၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုင်းပြည်အတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ပိတ်ပင်ခဲ့သည်။
ကိုဗစ် -၁၉ကူးစက်ရောဂါသည် လွန်ခဲ့သည့်နှစ်က တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံတွင် လူပေါင်း ၈၃၀၀၀ ကူးစက်ခံရပြီး ၄၆၀၀ သေဆုံးခဲ့ရသည်ဟု တရုတ်အာဏာပိုင်များက ပြောသည်။
ကျိုဒိုနယူးစ်