ရန်ကုန်   ဖေဖော်ဝါရီ   ၁၆

ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ မြန်မာအသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကစားသမား များရှိနေခြင်း၊ ရောဂါလက္ခဏာ ခံစားနေရသူများရှိနေခြင်းတို့ကြောင့် မလေးရှားနှင့် အုပ်စုပထမပွဲ မကစားမီ နာရီပိုင်းအလိုတွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ပွဲကစားပါက ကစားသမားများ Positive ဖြစ်နေလျှင်မူ ပြိုင်ဘက် မလေးရှားအသင်း ကစားသမားများ၊ နည်းပြ/အုပ်ချုပ် အဖွဲ့ဝင်များနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများအား ဆက်လက်ကူးစက်သွားနိုင်ခြင်း၊ ပြိုင်ပွဲတစ်ရပ်လုံးကို ထိခိုက်သွားစေနိုင်ခြင်း၊ ကစားသမား များ၏ ကျန်းမာရေးအခြေအနေများ ပိုမိုဆိုးရွားသွားစေနိုင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည့် အခြေအနေများကြောင့် မြန်မာအသင်းသည် လက်ရှိကျင်းပနေသည့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲမှ မလွှဲမရှောင်သာ၍ နုတ်ထွက်ခဲ့ရပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်ကလည်း ယင်းကဲ့သို့ နုတ်ထွက်မှုကို နားလည်လက်ခံအတည်ပြုကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် မလေးရှားအသင်းနှင့် ကစားရ မည်ဖြစ်ပြီး ယင်းနေ့နံနက်ပိုင်းတွင် PCR နှင့် RDT တို့ဖြင့် စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကစားသမားအချို့ Positive အဖြေထွက်ပေါ်ခဲ့ပြီး ကျန်ရှိသည့် ကစားသမားများမှာလည်း ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရကာ ကြံ့ခိုင်မှုပြည့်ဝသည့် ကစားသမား အနည်းငယ်သာ ရှိခဲ့သည်။ လက်ရှိကျင်းပနေသည့် အာဆီယံ ယူ-၂၃ ပြိုင်ပွဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အင်ဒိုနီးရှားအသင်းသည် ပြိုင်ပွဲစတင်ခါနီး ရက်ပိုင်းအလိုတွင် နုတ်ထွက်ခဲ့ပြီး မြန်မာအသင်းမှာလည်း ပွဲကစားရမည့်နေ့တွင် ထပ်မံနုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။

ယင်းနှစ်သင်းစလုံးသည် အုပ်စု (ခ) တွင် ကျရောက်နေသည့် အသင်းဖြစ်ပြီး ယခုကဲ့သို့ နုတ်ထွက်မှု ကြောင့် မလေးရှားနှင့် လာအိုအသင်းတို့သာ ယင်းအုပ်စုတွင် ကျန်ရှိတော့သည်။ အခြားအုပ်စုများ ဖြစ်သည့် အုပ်စု (က) တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ တီမော၊ ဘရူနိုင်း၊ အုပ်စု(ဂ) တွင် ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့ပါဝင်နေသည်။

မြန်မာအသင်းသည် ၂၀၀၅ နှင့် ၂၀၁၉ အာဆီယံ ယူ-၂၃ ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တတိယအကြိမ် ကျင်းပသည့် ၂၀၂၂ ပြိုင်ပွဲတွင် ကိုဗစ်-၁၉ အခြေအနေကြောင့် နုတ်ထွက်ခဲ့ရခြင်းဖြစ် သည်။

ရဲရင့်လွင်

ဓာတ်ပုံ-MFF