ရောမ ၆ နိုဝင်ဘာ

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ တိုးတက်လာသည့်အတွက် အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက တစ်နိုင်ငံလုံးတွင် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ည မထွက်ရအမိန့် ထုတ်ပြန်ရန် အမိန့်ကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်သည်။ 

ဒေသစံတော်ချိန် နိုဝင်ဘာ ၄ ရက် ည ၁၂ နာရီ ဝန်းကျင်က လက်မှတ်ရေးထိုးလိုက်သော အဆိုပါ ညမထွက်ရအမိန့်သည် နိုဝင်ဘာ ၅ ရက်မှ စတင် အာဏာသက်ရောက်မည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။

အီတလီနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၈၂၄၄ ဦး ခုန်တက်လာပြီး သေဆုံးသူ ၃၅၃ ဦးရှိလာပြီးနောက် ယခုလို ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄၁၈၁၄၂ ဦးရှိပြီး ၎င်းတို့အနက် ၃၉၄၈၀၃ ဦး အိမ်တွင်အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူလျက်ရှိပြီး ၂၀၁၁၄ ဦးဆေးရုံတွင် ကုသမှု ခံယူလျက်ရှိကာ ၂၂၂၅ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုမှုခံယူလျက် ရှိသည်။

အမိန့်ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအနေဖြင့် အထက်တန်းကျောင်းများကို အွန်လိုင်းသင်ကြားရေး ပြန်လည်ပြုလုပ်ရန်လည်း ပါဝင်သည်။ မူလတန်းကျောင်းများနှင့် အလယ်တန်းကျောင်းများကို ဆက်လက်ဖွင့်ခွင့် ပေးထားပြီး တက္ကသိုလ်ပရဝဏ်အတွင်း ကျောင်းသားများခြင်းကို ရှောင်ရှားရန်အတွက် တက္ကသိုလ်များအနေဖြင့် ကျောင်းသားရာခိုင်နှုန်း မည်မျှ အွန်လိုင်းသင်ကြားခြင်းဖြင့် သင်ကြားရမည်နည်းဆိုသည်ကို စဉ်းစားဆုံးဖြတ်နေကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း ဈေးဝယ်ကုန်တိုက်များကို စနေ၊ တနင်္ဂနွေရက်များနှင့် အားလပ်ရက်များတွင် ပိတ်ရမည် ဖြစ်ပြီးများနှင့် စားသောက်ဆိုင်များကို နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိသာ ဆက်လက်ဖွင့်ခွင့်ပြုမည် ဖြစ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ၅၀ ရာခိုင်နှုန်းသာ ဝန်ဆောင်မှုပြုထားကြောင်း သိရသည်။

ထို့အတူ ပြတိုက်များ၊ ပြခန်းများ၊ ပြဇာတ်ရုံများ၊ ကပွဲခန်းမများ ရုပ်ရှင်ရုံများ၊ လောင်းကစား ခန်းမများကိုလည်း ပိတ်ထားရမည်ဖြစ်ပြီး လူထုစုဝေးခြင်းများ၊ အောင်မြင်မှု အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပွဲတော်များ၊ အခမ်းအနားအစီအစဉ်များပြုလုပ်ခြင်းကိုလည်း တားမြစ်ထားသည်။

ကမ္ဘာကြီးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ရန် ကြိုးစားနေချိန်တွင် အီတလီ၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့သည် ကာကွယ်ဆေး ရရှိရန် အကြိတ်အနယ် ကြိုးစားလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝက်ဘ်ဆိုက်အရ နိုဝင်ဘာ ၃ ရက်အထိ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နေသော အဖွဲ့ပေါင်း ၂၀၂ ဖွဲ့ရှိပြီး ၎င်းတို့အနက် ၄၇ ဖွဲ့မှာ နောက်ဆုံးစမ်းသပ်မှုအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ