ကေကေစိုး
နယ်သာလန်နိုင်ငံတွင် ပြန်လည်ဦးမော့လာသော ကိုဗစ် - ၁၉ ကူးစက်မှုများကို တိုက်ဖျက်ရန်အတွက် တစ်စိတ်တစ်ပိုင်း အသွားအလာကန့်သတ်မှုများ ပြန်လည်ချမှတ်ခဲ့သည်။
ကန့်သတ်မှုများ
ပြန်လည်လုပ်ဆောင် ဥရောပအနောက်ပိုင်းတွင် ပထမဦးဆုံး တစ်စိတ်တစ်ပိုင်း အသွားအလာ ကန့်သတ်ခြင်းလည်း ဖြစ်သည်။ စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် အားကစားပွဲတို့တွင် အနည်းဆုံး သုံးပတ်ကြာ ကန့်သတ်မှုများ ပြုလုပ်သွားမည်ဟု နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရူတာက ပြောသည်။ ဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင် များပြားလာခြင်းကို နှိမ်နင်းရန်အတွက် ပြုလုပ်ရသည့် ကန့်သတ်မှုများကို ပြည်သူများ စိတ်ပျက်နေပြီကိုလည်း သိနားလည်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။ ယင်းနောက် သည်ဟိတ်မြို့တွင် ဆန့်ကျင်ဆန္ဒပြသူများကို မီးသတ်ပိုက်ဖြင့်ရဲများက လူစုခွဲ ပေးခဲ့ရသည်။
ခက်ခဲသည့်အချိန်များကို ဖြတ်ကျော်ရမည်
ဗိုင်းရပ်စ်မှာနေရာတိုင်းတွင် ရှိနေသည့်အတွက် ခက်ခဲသည့် ရက်သတ္တပတ်များကို ဖြတ်ကျော်ရမည်ဟုလည်း ဝန်ကြီးချုပ်က အမျိုးသားရုပ်သံလိုင်းတွင် ပြောကြားခဲ့သည်။ ကံကောင်းသည်မှာ လူအများအပြားကို ကာကွယ်ဆေး ထိုးပေးထားခြင်းကြောင့်ပင်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဆေးရုံများတွင် လူနာများနှင့် ပြည့်နှက်နေမည် ဖြစ်သည်။
စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် စူပါမားကက်များသည် လာမည့်သုံးပတ်အတွင်း ည ၈ နာရီဆိုလျှင် ဆိုင်ပိတ်ရမည်ဖြစ်သည်။ အရေးတကြီး မလိုအပ်သည့် ဈေးဆိုင်များမှာမူ ညနေ ၆ နာရီဆိုလျှင် ဆိုင်ပိတ်ရမည်ဖြစ်သည်ဟုအစိုးရက ကြေညာထားသည်။
ပရိသတ်မပါဘဲ ကျင်းပရမည်
ပြည်သူများ၏ နေအိမ်သို့လာရောက် လည်ပတ်သူဦးရေကိုလည်း လေးဦးအထိ လျှော့ချထားသည်။ အရေးတကြီး မလိုအပ်ပါက နေအိမ်၌သာ အလုပ်လုပ်ရန် အကြံပြုထားသည်။ အားကစားပွဲများကိုလည်း ဖျက်သိမ်းထားပြီး လာမည့်သီတင်းပတ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် နော်ဝေအသင်းနှင့် နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ရမည့်ပွဲစဉ်ကိုလည်း ပရိသတ်မပါဘဲ ကျင်းပရမည်ဖြစ်သည်။ သို့သော်လည်း စာသင်ကျောင်းများကိုမူ ဆက်လက်ဖွင့်ထားဦးမည်ဖြစ်သည်။
ဆက်လက်စောင့်ကြည့်မည်
ပြည်သူများအနေဖြင့်လည်း ကန့်သတ်ချက်များမရှိဘဲ နေအိမ်မှ ထွက်ခွာနိုင်သည်။ အစိုးရသည် ဒီဇင်ဘာ ၃ ရက်အထိ အခြေအနေများကို ဆက်လက်စောင့်ကြည့်မည်ဖြစ်ပြီး နောက်ထပ် ကန့်သတ်ချက်များကိုလည်း လိုအပ်ပါက ထပ်မံချမှတ်သွားမည်ဖြစ်ကြောင်း နယ်သာလန်ဝန်ကြီးချုပ်က ပြောသည်။ လုပ်ငန်းခွင်များသို့ ဝင်ရောက်ရန် ကိုဗစ် - ၁၉ ခွင့်ပြုချက်လက်မှတ် လိုအပ်သည်။ စားသောက်ဆိုင်နှင့် သားများအတွင်းသို့ ကာကွယ်ဆေးထိုးပြီးသူများသာ ဝင်ရောက်ခွင့်ရှိမည်ဖြစ်သည်။
ထိလွယ်ရှလွယ်သည့်ကိစ္စ
ထို့ပြင် မကြာသေးမီအတွင်း ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်နာလန်ထူလာသူများလည်း ဝင်ရောက်ခွင့်ရှိသည်။ နယ်သာလန်နိုင်ငံတွင် ကိုဗစ် - ၁၉ ကန့်သတ်ချက်များကို ဖြေလျှော့ပြီး နောက်နှစ်လအကြာတွင် ကိုဗစ် - ၁၉ကူးစက်မှုများမှာ ပြန်လည်များပြားလာခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကူးစက်မှုမှာ ၁၆၀၀၀ကျော်ရှိခဲ့သည်။ ရောဂါကူးစက်မှုများကြောင့် ကန့်သတ်ချက်များ ပြန်လည်ချမှတ်ခြင်းမှာ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သည့် ကိစ္စလည်း ဖြစ်သည်။
လူစုခွဲခဲ့ရ ဆန္ဒပြသူ ၂၀၀ ဝန်းကျင်မှာ ဝန်ကြီးချုပ် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် တရားရေးနှင့် လုံခြုံရေး ဝန်ကြီးဌာနအပြင်ဘက်တွင် စုဝေးခဲ့ကြသည်။ အဓိကရုဏ်း နှိမ်နင်းသည့်ရဲများကို ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရဲများက မီးသတ်ပိုက်များ အသုံးပြုကာ လူစုခွဲခဲ့ရသည်။
နယ်သာလန်နိုင်ငံသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဆယ်စုနှစ်လေးစုစာအတွင်း အဆိုးဆုံးသော အဓိကရုဏ်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ကိုဗစ်-၁၉ ကူးစက်မှုများ များပြားလာသည့်အတွက် အစိုးရသည် ညဘက် သတ်မှတ်အချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ချမှတ်ခဲ့သည့်အတွက် အဓိကရုဏ်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးပြီးသူ ၈၂ ရာခိုင်နှုန်းရှိ
ပြီးခဲ့သည့်နှစ်အတွင်း ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ ကူးစက်ခံရသူ ၂ ဒသမ ၂ သန်းရှိပြီး သေဆုံးသူ ၁၈၆၁၂ ဦး ရှိသည်။ လက်ရှိ အခြေအနေအတိုင်းဆိုလျှင် ဆောင်းရာသီအတွင်း ဆေးရုံများတွင် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ဟုလည်း သတိပေးထားသည်။ နယ်သာလန်နိုင်ငံတွင် အသက် ၁၂ နှစ်နှင့်အထက် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပြီး သူအရေအတွက်မှာ ၈၂ ရာခိုင်နှုန်းရှိသည်။
အဓိကရည်မှန်းချက်
ဥရောပနိုင်ငံအချို့တွင်လည်း ကိုဗစ် - ၁၉ ကူးစက်မှုများအတွက် နိုင်ငံအတွင်းကန့်သတ်ချက်များ ပြန်လည်ချမှတ်လာကြသည်။ ပြည်သူများအနေဖြင့်လည်း ကာကွယ်ဆေးထိုးနှံမှုကို ခံယူကြရန် အစိုးရများက တိုက်တွန်းလာသည်။ အောက်တိုဘာလ အစောပိုင်းမှစတင်ကာ ဥရောပတွင် ကိုဗစ် -၁၉ ကူးစက်မှုများ ပြန်လည်များပြားလာသည်။ ဥရောပ နိုင်ငံအများစု၏ အဓိကရည်မှန်းချက်မှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို အရေအတွက်များများ ထိုးပေးနိုင်ရေးပင်ဖြစ်သည်။
တတိယအကြိမ် ကာကွယ်ဆေးထိုးရမည်
မကြာသေးမီကာလအတွင်း ပြင်သစ်နိုင်ငံတွင် အသက် ၆၅ နှစ်နှင့် အထက်များမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးရမည်ဟုကြေညာခဲ့သည်။ တချို့သော နိုင်ငံများတွင်လည်းကန့်သတ်မှုများ ပြန်လည်လုပ်ဆောင်လာကြသည်။ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့် ကိုဗစ် -၁၉ ရှိ မရှိ တစ်ပတ်လျှင် နှစ်ကြိမ်ဆေးစစ်ရန် အတွက်လည်း ကျန်းမာရေး ကျွမ်းကျင်သူများက ပြောသည်။ ဩစတြီးယားနိုင်ငံတွင်လည်း လူဦးရေ ၆၅ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးထိုးပြီးဖြစ်သည်။
လူသေဆုံးမှုများဖြစ်ပေါ်နိုင် လက်ရှိ ဥရောပတွင် ကိုဗစ် - ၁၉ ကူးစက်မှုများ ဆက်လက်များပြားနေပါက ဖေဖော်ဝါရီလသို့ရောက်လျှင် ကိုဗစ် - ၁၉ ကြောင့် လူသန်းတစ်ဝက်နီးပါး သေဆုံးနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဥရောပဆိုင်ရာအကြီးအကဲက သတိပေးထားသည်။
ကာကွယ်ဆေးထိုးနှံမှုများ ဆက်လက် လုပ်ဆောင်နေစဉ် လူမှုဝေးကွာအစီအစဉ်များအတိုင်း လိုက်နာခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းများပြုလုပ်ကြရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နည်းလမ်းများဖော်ပြထားသည်။ ။
ကိုးကား-အေအက်ဖ်ပီ