လင်းဟန်သစ်

 

ဥရောပမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပြန်ပြီး ဖြစ်ပွားနေသလို ကူးစက်မှုတွေဟာလည်း အရှိန်အဟုန်နဲ့ မြင့်တက်နေပါတယ်။ သက်ဆိုင်ရာအစိုးရတွေကလည်း ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ပြန်လည် ချမှတ်နေရပါတယ်။ အဲဒီလိုအခြေအနေမှာ ဥရောပမြို့အတော်များများနဲ့ ပြင်သစ်ရဲ့ ပင်လယ်ရပ်ခြားနယ်မြေအချို့မှာ အသစ်အသစ်သော ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ တစ်ခါတစ်ရံမှာ အကြမ်းဖက်လာကြပြီး ကိုဗစ်-၁၉ မြင့်တက်လာမှုကြောင့် နောက်တစ်ကြိမ် ကျင့်သုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

 

ရုန်းရင်းဆန်ခတ်တွေဖြစ်

 

ရဲတွေနဲ့ ဆန္ဒပြသူတွေဟာ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားခဲ့ ပါတယ်။ ဘရပ်ဆဲလ်တွင်သာမကပဲ ဒတ်ချ်မြို့ အတော်များများနဲ့ ပြင်သစ်မြေထဲပင်လယ်နယ်မြေ ဖြစ်တဲ့ ဂူအားဒလေးမှာလည်း အလားတူ ဖြစ်ရပ် တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ။

 

အလုံပိတ်ကန့်သတ်ပိတ်ဆို့မှုနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ပြဋ္ဌာန်းချက်ထုတ်ပြန်လိုက်တဲ့ သြစတြေးလျမှာလည်း ဆန့်ကျင်ဆန္ဒပြမှုအသစ် တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

 

ဆန္ဒပြမှုတွေဖြစ်

 

ဘရပ်ဆဲလ်မှာလည်း လူပေါင်း ၃၅၀၀၀ လောက်ပါဝင်တဲ့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့ မြို့တော်မှာလည်း ကာကွယ်ဆေး မထိုးထားသူတွေကို စားသောက်ဆိုင်နဲ့ ဘာတွေကဲ့သို့သော အဆောက်အအုံတွေကို ဝင်ရောက် သွားလာခြင်းတွေ မပြုလုပ်ရဘူးဆိုတဲ့တားမြစ်ချက် တွေအပေါ် မကျေမနပ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

 

ပထမပိုင်းမှာတော့ အေးချမ်းစွာနဲ့ စတင်ခဲ့သော်လည်း နောက်ပိုင်းမှာ ရဲတွေက ရေအမြောက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ တုံ့ပြန်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အရာရှိသုံးဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဆန္ဒပြသူထောင်ပေါင်းများစွာဟာ ခေါင်းစည်းတွေဝတ်ဆင်ထားကြပြီး ဖလီးမစ်ချ်အလံတွေ ကိုင်ဆောင်ထားကြပါတယ်။ တချို့ကလည်း နာဇီခေတ် အဝါရောင်ကြယ်ပုံစံတွေ ဝတ်ဆင်ထားကြ ပါတယ်။

 

ဆန္ဒပြသူတွေဟာ သစ်သားကွပ်ပျစ်တွေကို မီးရှို့ကြပါတယ်။ လူမှုမီဒီယာတွေမှာတော့ သူတို့တွေက ရဲတွေကို လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ တိုက်ခိုက်နေတဲ့ပုံတွေကို တင်ထားပါတယ်။

 

ဒတ်ချ်မငြိမ်သက်မှုနဲ့ သြစတြီးယားဆန္ဒပြမှု

 

ဆန္ဒပြသူတွေဟာ ဒတ်ချ်ရဲ့ မြို့အတော်များများမှာလည်း အုံကြွခဲ့ကြပါတယ်။ သူတို့ဟာ အစိုးရရဲ့ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်တွေအပေါ် တတိယညမြောက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

 

ဆန္ဒပြသူတွေဟာ မီးပန်းတွေ မီးရှို့ပြီး မြောက်ပိုင်းမြို့တွေဖြစ်တဲ့ ဂရိုနင်ဂျန်နဲ့ လီယူဝါဒန်တို့မှာ လက်သရမ်းဖျက်ဆီးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီလိုပဲ အရှေ့ဘက်မှာဆိုရင် အန်ချက်ဒီနဲ့ တောင်ဘက်မှာဆိုရင် တေဘာ့ဂျ်တို့မှာလည်း အလားတူ လုပ်ဆောင်ခဲ့ကြပါတယ်။

 

အကြမ်းဖက်နှိမ်နင်းရေးရဲတွေဟာ အခြေအနေကို တည်ငြိမ်အောင်ထိန်းသိမ်းဖို့ အလယ်အချက်အချာ နေရာမှာ ရှိနေကြပါတယ်လို့ ဂရိုနင်ဂျန်ရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေဟာ ဂျာမန်နယ်စပ်အနီး အန်ချက်ဒီမှာ အရေးပေါ်အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေကို လမ်းမတွေပေါ် မထွက်ဘဲ လမ်းမတွေနဲ့ ဝေးရာမှာနေဖို့ အမိန့်ပေးထားပါတယ်။

 

အနီးအနားမှာရှိတဲ့ လီယူဝါဒန်မြို့မှာရှိတဲ့ ဘောလုံးပွဲလည်း နှောင့်ယှက်ခံခဲ့ရပါတယ်။ သောကြာ နေ့ညက ရော်တာဒန်မှာ ဆူပူအုံကြွမှုတွေဖြစ်ခဲ့ပြီး မနေ့ညက သည်ဟိတ်မှာ ဖြစ်ခဲ့ပါတယ်။ ။

 

နိုင်ငံတစ်ဝန်းအခုချိန်အထိလူပေါင်း ၁၀၀ကျော် ဖမ်းဆီးခဲ့ပါတယ်။ ဆန္ဒပြမှုအတွင်း ၁၂ ဦးထက် မနည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

 

သြစတြီးယားမှာလည်း လူပေါင်း ၆၀၀၀ လောက် လင့်ဇ်မြို့ဆန္ဒပြမှုမှာ စုဝေးခဲ့ကြပါတယ်။ ဗီယင်နာမှာ တစ်စိတ်တစ်ပိုင်း ကန့်သတ်ပိတ်ဆို့မှုအပေါ် လူ ၄၀၀၀၀ လောက် မကျေမနပ်ဆန္ဒပြခဲ့ပြီး နောက်တစ်နေ့မှာ လင့်ဇ်မြို့ဆန္ဒပြမှုဖြစ်ခဲ့ပါတယ်။

 

တနင်္လာနေ့မှစကာ သြစတြီးယား နိုင်ငံသား ၈ ဒသမ ၉ သန်းကို အလုပ်ကိစ္စ၊ မရှိမဖြစ်ပစ္စည်းတွေ ဝယ်ယူမှုနဲ့ လေ့ကျင့်ခန်းလုပ်ရုံမှလွဲ၍ အိမ်ထဲကမထွက်ခိုင်းပါဘူး။ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးဖို့ကို ရှေ့နှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး စတင်ပြဋ္ဌာန်း သွားပါမယ်။

 

ပြင်သစ်ရဲ့ပင်လယ်ရပ်ခြားနယ်မြေမှာလည်း မငြိမ်သက်မှုတွေဖြစ်

 

ကိုဗစ်-၁၉ ဆောင်ရွက်ချက်တွေအပေါ်တစ်ပတ်ကြာ ဆူပူအုံကြွမှုတွေ ဖြစ်ပြီးနောက်မှာ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေဟာ တနင်္ဂနွေနေ့မှာ ဂူအားဒလေးကို ထွက်ခွာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဝန်ကြီးချုပ် ဂျန်ကက်စ်တက်ဟာ ပါရီမှာ ပြင်သစ်မြေထဲပင်လယ် ကျွန်းမြို့လေးရဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အစည်းအဝေးကျင်းပခဲ့ပါတယ်။

 

ဆန္ဒပြသူတွေဟာ ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး လုယက်မှုနဲ့ ဈေးဆိုင်တွေနဲ့ ဆေးဆိုင်တွေကို မီးရှို့မှုတွေ ပြုလုပ်ပြီးနောက် လမ်းတွေကို တနင်္ဂနွေနေ့အထိ ပိတ်ထားခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုမှာ ရဲတွေက ဆန္ဒပြသူ ၃၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်ဘက်ကလည်း နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

နေဝင်ချိုးဖျမှ အရုဏ်တက်ချိန်အထိ ချမှတ်ထားတဲ့ ညမထွက်ရအမိန့်ဟာ အင်္ဂါနေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဂူအားဒလေးဒေသက မျက်မြင်တွေကတော့ ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်အဖွဲ့တွေကို မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

 

ကိုဗစ်-၁၉ ပဉ္စမအကျော့က မိုးကြိုးပစ်တဲ့ အရှိန်ကဲ့သို့ စတင်ဖြစ်ပွားလျက်ရှိ

 

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံတဲ့အဆင့်မှာ တချို့ပြင်သစ်ရဲ့ ပင်လယ်ရပ်ခြား နယ်မြေတွေမှာ ကာကွယ်ဆေးထိုးနှံမှုမများဘဲ နိမ့်ကျလျက်ရှိပါတယ်။ အစိုးရကတော့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်လာတဲ့ အရေးကို စိုးရိမ်ပူပန်မိတယ်လို့ ပြောလိုက်ပါတယ်။ ။

 

အခုဆိုရင် ဥရောပနိုင်ငံတွေနဲ့ ပြင်သစ်ရဲ့ ပင်လယ်ရပ်ခြား နယ်မြေတချို့မှာ ကိုဗစ်-၁၉ ပဉ္စမ အကျော့ဟာ မိုးကြိုးပစ်လိုက်သလို ပြင်းထန်တဲ့ အရှိန်နဲ့ စတင်ဖြစ်ပွားနေပြီလို့ အစိုးရပြောရေးဆိုခွင့် ရှိသူ ဂါဘရီရယ်အက်တယ်က ပြောပါတယ်။ ။

 

ဥရောပဟာ နောက်ထပ် ကိုဗစ်-၁၉ ရိုက်ခတ် ခြင်းကို ရင်ဆိုင်နေရတဲ့အတွက် ကိုဗစ်-၁၉ တားဆီး ထိန်းချုပ်မှုတွေကို တင်းကျပ်စွာနဲ့ လုပ်ဆောင်လျက် ရှိပါတယ်။ ။

ကိုးကား-အေအက်ဖ်ပီ