ချောင်းဆုံ  ၁၅     ဧပြီ  

           

မြန်မာနိုင်ငံတွင် ထင်ရှားသည့် (ဘီလူးကျွန်)ချောင်းဆုံမြို့နယ်၏ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို နှစ်ပေါင်း (၁၀ဝ) ကျော်ခန့်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်−၁၉ ကူးစက်ရောဂါကြောင့် နှစ်သစ်ကူးသင်္ကြန်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ဒေသခံပြည်သူများ ပြုလုပ်ခြင်းမရှိကြောင်း သိရသည်။

 

9311

 

ရိုးရာအစဉ်အလာဆိုတာက လူကလုပ်တာ ဒါကြောင့် မလုပ်ဖြစ်ကြတာပါ။ ဒီရောဂါပိုးက ရောဂါ လက္ခဏာမပြပဲ ခန္ဓာကိုယ်ထဲမှာရှိနိုင်တယ်လို သိထားတော့ ကြိုတင်ကာကွယ်တာက ကုသ တာထက် ပိုထိရောက်တယ်ဆိုတဲ့ စကားပုံလိုဒီပွဲတော်ကို မလုပ်ခြင်းအားဖြင့် ရောဂါဖြစ်ပွားမှု ကာကွယ်ပြီးသား ဖြစ်သွားနိုင်တယ်။ ဆင်ခြင်တုံတရားရှိရှိနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေကို လိုက်နာပြီး မိမိကြောင့် ရောဂါကိုမပြန့်ပွားစေချင်ဘူးလေ ဟု ဒေသခံစာရေးဆရာ ဦးအေးကြူက ပြောသည်။

 

နှစ်တိုင်းဧည်ခံ ကျွေးမွေးခဲ့တာ မနှစ်ကတော့ ဘုရားပွဲနေ့မှာ ဧည်သည်အယောက် (၂၀ဝ)နီးပါး လောက်လာတယ် ဒီနှစ်တော့ ကိုဗစ်-၁၉ ရောဂါကြီးကြောင့် မလုပ်တော့ဘူး ကျန်းမာရေးဌာနက ထုတ်ပြန်ချက်ကို လိုက်နာမယ် အိမ်မှာနေမယ်လို့စိတ်ကူးတယ်လို့ ချောင်းဆုံမြို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်မြတ်မေက ပြောသည်။

 

ဧည်သည်ခေါ်ဘုရားပွဲတော်ကို ချောင်းဆုံမြို့နယ်တွင် မဟာသင်္ကြန် အကြိုနေ့ မုရစ်ကြီး ကျေးရွာ ဘုရားပွဲ ၊ သင်္ကြန်အကျနေ့ နတ်မှော်ကျေးရွာ ဘုရားပွဲ၊သင်္ကြန်အကြတ်နေ့ ချောင်းဆုံဘုရားပွဲ ၊ သင်္ကြန်အတက်နေ့ တောင်ပေါ်ကြီးဘုရားပွဲနှင့် နှစ်ဆန်းတစ်ရက်နေ့ သက္ကောနှင့် ဘိုးနက်ကျေးရွာ ဘုရားပွဲတို့ နှစ်စဉ် ကျင်းပခဲ့ကြောင်း သိရသည်။

 

ကေအေ(ချောင်းဆုံ)