နေပြည်တော် ၁၄ ဇွန်
ကိုဗစ်-၁၉ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များ ပေးအပ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ ပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာ အဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များ တွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဇေယျာသီရိအသော က ကျောင်းတိုက်၌ ပြုလုပ်သည်။
ထိုသို့ထောက်ပံ့ရာတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဇေယျသီရိ အသောက ကျောင်းတိုက်၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့် နေရာသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အသွားအလာကန့်သတ်ထားရှိသူများအား ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ထံသို့ပေးအပ်ပြီး စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တို့ထံ ပေးအပ်သည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသွားအလာကန့်သတ်ထားသော နေရာများတွင်ရှိသည့် ကိုယ်ဝန် ဆောင် မိခင် (၂၆၅) ဦး၊ အသက်(၅) နှစ်အောက်ကလေး (၉၄)ဦးနှင့် အသက်(၆၀)အထက် သက်ကြီး ရွယ်အို(၁၈)ဦးနှင့် မသန်စွမ်းသူ (၂)ဦး တို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁,၃၇၀,၀၀ဝိ/ကို လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စခန်းတာဝန်ခံ တစ်ဦးထံသို့ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စေတနာ့ဝန်ထမ်းကိုယ်စားလှယ်များအား ကူညီဆောင်ရွက်မှု လုပ်ငန်းများတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များကိုမေးမြန်း၍ ကူညီပံ့ပိုးမည့်ကိစ္စများကို ရှင်းလင်းပြောကြားသည်။
ယနေ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း (၂,၆၀၉) ဦး၊ ပရဟိတအဖွဲ့ (၂၃၁) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို ပဲခူးတိုင်းဒေသကြီးအစိုးရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့များ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ စာရင်းကျန်ရှိခြင်းများ ရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးမည် ဖြစ်သည်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စေတနာ့ ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏ စိစစ်မှုဖြင့် ဆက်လက် ဂုဏ်ပြုပေးအပ်သွားမည် ဖြစ်သည်။
ယနေ့ ပဲခူးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ ပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရန် လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


