ကိုဗစ်-၁၉   ရောဂါသည် ကမ္ဘာပေါ်တွင် စတင်ကူးစက် ပြန့်ပွားမှုဖြစ်ပေါ်ခဲ့သည့် ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစကာ နိုင်ငံတကာတွင် ပျံ့နှံ့ခဲ့ပြီးသည့်နောက် မျိုးရိုးဗီဇပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ဆက်လက်၍လည်း ပြောင်းလဲလျက်ရှိသည်။ မိမိတို့နိုင်ငံတွင် ယခု ဧပြီလအတွင်း ကိုဗစ် - ၁၉ ရောဂါ ပြည်တွင်းကူးစက်မှု အနည်းငယ်မြင့်တက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ကူးစက် ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ အိန္ဒိယနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ဖြစ်ပွားလျက်ရှိသည့် မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင်ကူးစက် ဖြစ်ပွားခဲ့သည့် XBB.1 နှင့် XBB.1.5 ကူးစက်မှုထက် ၁ ဒသမ ၂၇ ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါလက္ခဏာများ ပိုမိုပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရောက် ကုသခံရမှု နှင့် သေဆုံးမှုလည်း ပိုမိုမြင့်မားခြင်းမရှိကြောင်း၊ အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများတွင်မူ ကူးစက်မှု နှုန်း ပိုမိုမြင့်မားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ XBB.1.16 နှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များတွင် အိုမီခရွန်မျိုးကွဲ ၎င်းမျိုးဗီဇသစ်ကို Arcturus ဟူ၍ ဖော်ပြထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်စာရင်း (Variant Under Monitoring: VUM)တွင် ထည့်ထားကြောင်း သိရသည်။

 

XBB.1.16 သည် ကူးစက်မှုတွင်ရှေ့ကမျိုးဗီဇများထက် ပိုမိုမြန်ဆန်ပြီး ခုခံအားကို ကျော်နိုင်ကြောင်း တွေ့ရှိထားရသော်လည်း လက်ရှိကာကွယ်ဆေးများက ကာကွယ်ပေး နိုင်သည်ဟုဆိုသည်။ ထိုင်းနိုင်ငံမှ သတင်းတစ်ပုဒ်တွင် XBB.1.16 သည် လျင်မြန်စွာ ကူးစက်လျက်ရှိကြောင်းနှင့် အသက် သုံးဆယ်ကျော်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် နေအိမ်တွင် သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တို့တွင် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများကို စောစီးစွာသိရှိပြီး ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင် စီမံလျက်ရှိပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးတွင် အရေးကြီးဆုံးမှာ ပြည်သူလူထုပင် ဖြစ်သည်။ ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ အသိသုတ ပြည့်စုံမှုနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဂရုတစိုက် လိုက်နာကျင့်သုံးမှုက အဓိကအကျဆုံးပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်း၊ ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့် အညီနေထိုင်ခြင်း၊ ကိုဗစ်-၁၉ သံသယလက္ခဏာများ တွေ့ရှိ ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ ကုသမှုခံယူ ခြင်း၊ ရောဂါကူးစက်ဖြစ်ပွားသူ၊ သံသယလက္ခဏာရှိသူများက အခြားသူများကို ထပ်ဆင့် မကူးစက်စေရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိနေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်ကြရန် သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားရာ မိမိနှင့်တကွ အများပြည်သူအကျိုးအတွက် ဖြစ်သည်နှင့်အညီ ဂရုတစိုက်လိုက်နာ ကျင့်သုံးကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း