ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ တစ်ကျော့ပြန်ဖြစ်ပွား လာချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု အခြေအနေဟာ ခန့်မှန်းထားတာထက် လျော့နည်းနေတဲ့အတွက် ကပ်ရောဂါဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အခုဆိုရင်ကိုဗစ်-၁၉ မျိုးကွဲသစ်တွေကိုလည်း ထပ်မံစမ်းသပ်တွေ့ရှိခဲ့ပါတယ်။
တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မြှင့်ကြိုးစား
အိန္ဒိယအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မြှင့်ကြိုးစားလျက်ရှိသော်လည်း အိန္ဒိယနိုင်ငံရဲ့ မြို့တော်တစ်ခုတည်းသာ ၉၀ ရာခိုင်နှုန်း ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးခဲ့တယ်လို့ စာရင်းဇယားများမှာ ဖော်ပြထားပါတယ်။
အိန္ဒိယအစိုးရရဲ့ CoWIN ပေါ်တယ်ရဲ့ သတင်းအချက်အလက်တွေအရ အိန္ဒိယနိုင်ငံမြို့တော် ဒေသ ၁၁ ခုရှိတဲ့အထဲမှာ နယူးဒေလီဒေသတစ်ခုတည်းသာ ကိုဗစ်- ၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးမှု ၉၄ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကောင်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှုရှိခဲ့
ဒေသသုံးခုဖြစ်တဲ့ အနောက်တောင်၊ အရှေ့နဲ့ အနောက်ဘက်ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးသူ ၈၉ ဒသမ ၈ ရာခိုင်နှုန်း၊ ၈၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၈၈ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ တောင်၊ မြောက်နဲ့ အနောက်မြောက်ဒေသအပါအဝင် ဒေသ လေးခုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၈၃ ဒသမ ၃ ရာခိုင်နှုန်း၊ ၈၁ ဒသမ ၇ ရာခိုင်နှုန်း၊ ၈၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ၈၀ ဒသမ ၂ ရာခိုင်နှုန်းစီ ရှိခဲ့ပါတယ်။
အရှေ့မြောက်နဲ့ အလယ်ပိုင်းဒေသ အပါအဝင် ဒေသနှစ်ခုမှာ ကိုဗစ်-၁၉ကာကွယ်ဆေးလွှမ်းခြုံထိုးပေးနိုင်မှုပမာဏဟာ ၇၉ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၇၇ ဒသမ ၁ ရာခိုင်နှုန်းစီဖြစ်ပါတယ်။ အရှေ့တောင် ဒေသမှာတော့ ၇၀ ဒသမ ၅ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။
နယူးဒေလီ တစ်ခုတည်းသာ အကောင်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှုရှိခဲ့ပြီး ရှေ့တန်းလုပ်သားများကို တတိယအကြိမ်အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပါတယ်။
လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၁၃၁၀၄၃ ဦးရှိ
တခြားဒေသများမှာတော့ ရှေ့တန်းလုပ်သားများကို တတိယအကြိမ်အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့ လွယ်ကူတဲ့အခြေအနေမရှိသေးပါဘူး။
ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်တဲ့နေရာမှာ အိန္ဒိယအစိုးရဟာ သူ့ရဲ့လူဦးရေအများစုကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပိုမိုလွှမ်းခြုံထိုးပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
အခုချိန်ထိ အရွယ်ရောက်ပြီးသူ ၆၆ ဒသမ ၇ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်သေးပါတယ်။
အိန္ဒိယနိုင်ငံတစ်ဝန်းမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ကိုဗစ်-၁၉ တစ်ကျော့ပြန်ကူးစက်ဖြစ်ပွားသူ ၁၃၆၁၅ ဦး အထိရှိခဲ့ပါတယ်။ အခုဆိုရင်တော့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်းဟာ ၄၃၆၅၂၉၄၄ ဦး အထိရှိလာခဲ့ပါပြီ။ ထို့အတူပဲ နိုင်ငံ တစ်ဝန်းမှာ လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၁၃၁၀၄၃ ဦး ရှိပါတယ်။
စိုးရိမ်စိတ်တွေ ဒီရေပမာမြင့်တက်
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၀ ရှိခဲ့ကြောင်း ဖော်ပြခဲ့မှုနဲ့အတူ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ဖိစီးနှိပ်စက်မှုကြောင့် သေဆုံးသူပေါင်းဟာ အခုဆိုရင် ၅၂၅၄၇၄ ဦး အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ အခုဆိုရင် အလွန်ကူးစက်မြန် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် (BA.1.75) စမ်းသပ်တွေ့ရှိခဲ့တဲ့အပေါ် ကျန်းမာရေးအာဏာပိုင်တွေကတော့ မျက်ခုံးလှုပ်နေပြီဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်စ်သာ ကိုဗစ်-၁၉ ကာကွယ် ဆေးလွှမ်းခြုံမထိုးထားနိုင်တဲ့ အိန္ဒိယနိုင်ငံတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့မယ်ဆိုရင် ဆိုတဲ့ စိုးရိမ်စိတ်တွေ ဒီရေပမာမြင့်တက်လာနေပြီဖြစ်ပါတယ်။
ကိုဗစ်-၁၉ မျိုးကွဲသစ်တွေကို ထပ်မံတွေ့ရှိ
ဒါ့အပြင် ကမ္ဘာ့တခြားနိုင်ငံတွေမှာလည်း BA.4 နဲ့ BA.5 လို့ခေါ်တဲ့ ဒီကိုဗစ်-၁၉ မျိုးကွဲသစ်တွေကို ထပ်မံတွေ့ရှိထားပါတယ်။ ဒီကိုဗစ်-၁၉ မျိုးကွဲ သစ်တွေဟာ အရင်ကတွေ့ရှိခဲ့တဲ့ အိုမီခရွန်နဲ့ တခြားကိုဗစ်-၁၉ မျိုးကွဲတွေထက် ပိုမိုကူးစက်မြန်ပါတယ်။ ထပ်မံတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ မျိုးကွဲသစ်တွေဟာ လူတွေရဲ့ခုခံကာကွယ်မှုကို အလွယ်တကူရှောင်ရှားနိုင်ပြီး ရောဂါ ကူးစက်ခံရသူရဲ့ ခုခံကာကွယ်နိုင်စွမ်းကိုလည်း လျော့နည်းစေပါတယ်။
BA.4 နဲ့ BA.5 ကိုဗစ်-၁၉ မျိုးကွဲတွေရဲ့ ရောဂါလက္ခဏာတွေကတော့ တခြားအိုမီခရွန် မျိုးကွဲတွေလိုပဲ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ အအေးမိတဲ့လက္ခဏာတွေဖြစ်ပေါ် ခံစားရမှာဖြစ်ပါတယ်။
ထပ်မံရိုက်ခတ်လာမယ့်အရေးကို စိုးရိမ်လျက်ရှိ
သြစတြေးလျနိုင်ငံမှာလည်း ကိုဗစ်-၁၉ အသွင်ပြောင်းအဆင့်မြင့် မျိုးကွဲလှိုင်း ဂယက် ထပ်မံရိုက်ခတ်လာမယ့်အရေးကို စိုးရိမ်လျက်ရှိပါတယ်။ ဒီလှိုင်းဂယက်သာ ရိုက်ခတ်လာမယ် ဆိုရင်တော့ သြစတြေးလျနိုင်ငံရဲ့ ကျန်းမာရေးစနစ်အပေါ် ခြိမ်းခြောက်လာမှာဖြစ်တယ်လို့ သြစတြေးလျ ကျန်းမာရေးအာဏာပိုင်များက ပြောပါတယ်။
ထို့အတူ ကိုဗစ်-၁၉ မျိုးကွဲသစ် လှိုင်းဂယက်သာ အိန္ဒိယနိုင်ငံကို ရိုက်ခတ်လာမယ်ဆိုရင် အရင်ကမှ ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံမထားတဲ့ နိုင်ငံဟာ ကစဉ့်ကလျားအခြေအနေနဲ့ ထပ်မံရင်ဆိုင်ရနိုင်ပါတယ်။
ကိုးကား - ဆင်ဟွာ