တက္ကသိုလ် မောင်ရူပ

 

ဂျပန်နိုင်ငံမှာ တိုကျိုမြို့အပါအဝင် မြို့ကြီးအချို့မှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်အခြေအနေ (State of Emergency) ကို စတုတ္ထအကြိမ်မြောက် ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ဇူလိုင်လ ၈ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီထုတ်ပြန်ကြေညာချက်ဟာ တတိယအကြိမ် အရေးပေါ်အခြေအနေကြေညာထားရှိမှုကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး ၁၈ ရက်ပြည့်မြောက်တဲ့နေ့မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တိုကျိုမြို့တော်မှာ ပြန်လည်မြင့်တက်လာခဲ့တဲ့အတွက် တိုကျိုမြို့ကို စတုတ္ထအကြိမ်မြောက် အရေးပေါ်အခြေအနေ ပြန်လည်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုသတ်မှတ်လိုက်တဲ့ အရေးပေါ်အခြေအနေဟာ ဇူလိုင်လ ၁၂ ရက်နေ့က စတင်အသက်ဝင်မှာဖြစ်ပြီး သြဂုတ်လ ၂၂ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်ကြောင်း ဖော်ပြထားတဲ့အတွက် ဇူလိုင်လ ၂၃ ရက်နေ့ကနေ ဩဂုတ်လ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် တိုကျိုအိုလံပစ်အားကစားပွဲတော်ဟာ အရေးပေါ်အခြေ အနေအောက်မှာသာ ကျင်းပရတော့မှာ ဖြစ်ပါတယ်။

 

ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဂျပန်အစိုးရ အဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ စီးပွားရေးပြန်လည်ထူထောင်ရေးဆိုင်ရာဝန်ကြီး Yasutoshi Nishimura က တိုကျိုမြို့တော်နဲ့ အခြားမြို့ အချို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းထား ပြန်လည်မြင့်တက်လာခဲ့ရာမှာ တိုကျိုမြို့တွင် တစ်ရက်တည်းကူးစက်မှုမှာ ၉၂၀ ကျော်အထိ ရှိလာခဲ့ကြောင်း၊ ဒါကြောင့် တိုကျိုမြို့တော်ကို အရေးပေါ်အခြေအနေ ပြန်လည်ကြေညာရခြင်းဖြစ်ကြောင်း၊ ယခင်အရေးပေါ် အခြေအနေကြေညာထားပြီး ပြန်လည်မရုပ်သိမ်းသေးတဲ့ အိုဆာကာမြို့၊ အိုကီနာဝါပြည်နယ်၊ တိုကျိုမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိုဘား၊ ကာနာဂါဝါနှင့် ဆိုက်တမ ခရိုင်တွေမှာလည်း အရေးပေါ်အခြေအနေတွေကို ဆက်လက်သက်တမ်းတိုးသွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ရေး အခြေအနေတွေ သိသိသာသာ တိုးတက်ကောင်းမွန်လာတဲ့ အိုင်အိချိ၊ ဖူကူအိုကာ၊ ဟော့ကိုင်းဒိုး၊ ဟယိုဂိုနှင့် ကျိုတိုခရိုင် တွေမှာတော့ အရေးပေါ်အခြေအနေကြေညာထားရှိမှုကို ရုပ်သိမ်းသွားမှာဖြစ်ပါတယ်။ အခုထပ်မံ ကြေညာလိုက်တဲ့ အရေးပေါ်အခြေအနေကို ရိုးရာ ဘွန်ပွဲတော် (Bon Festival) ကာလနဲ့ လာမယ့်နွေရာသီ အားလပ်ရက်တွေပါ အကျုံးဝင်သွားစေဖို့ ဩဂုတ်လ ၂၂ ရက်နေ့အထိ သတ်မှတ်ခဲ့တာဖြစ်ကြောင်း၊ ဒီလိုမဆောင်ရွက်ခဲ့ရင် မြို့ကြီးတွေကနေ ကျေးလက်ခရိုင်တွေအထိ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပျံ့နှံ့သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

အိုလံပစ်ပွဲတော် မကျင်းပဖို့ကန့်ကွက်

 

ဒါကြောင့် အရေးပေါ်အခြေအနေသတ်မှတ်ထားရှိတဲ့ အခြေအနေအောက်ကနေ အိုလံပစ်ပြိုင်ပွဲကြီးကို ကျင်းပရတာဟာ ဂျပန်အစိုးရအဖွဲ့ အတွက် စိတ်ရှုပ်ထွေး ခေါင်းခဲစရာ ကိစ္စကြီးတစ်ရပ် ဖြစ်ပါတယ်။ ဂျပန်ပြည်သူအချို့ကလည်း အိုလံပစ်ပြိုင်ပွဲ ကျင်းပရင် နိုင်ငံတကာက အရေအတွက် သိန်းနဲ့ချီတဲ့ အားကစားသမားတွေ၊ ကိုယ်စားလှယ်တွေ ဂျပန်နိုင်ငံကို လာရောက်တဲ့အခါ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပိုမိုများပြားလာနိုင်သလို အားကစားစခန်းတွေ၊ ပြိုင်ပွဲတွေကနေတစ်ဆင့် ကူးစက်မှုတွေလည်း ပြန့်ပွားနိုင်တာကြောင့် စိတ်ပူပန်မှုတွေ ရှိနေပြီး အိုလံပစ်ပွဲတော်ဟာ ကိုဗစ်-၁၉ ပိုး အကြီးအကျယ် ပြန့်ပွားရာဖြစ်စဉ်ကြီး (super spreader events) ဖြစ်သွားနိုင်ကြောင်းလည်း ထောက်ပြကြပါတယ်။ ဒါကြောင့် အိုလံပစ်ပွဲတော်ကို ထပ်မံရွှေ့ဆိုင်းဖို့ ဒါမှမဟုတ်ရင် လုံးဝမကျင်းပတော့ဖို့အထိ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။ အဆာဟိရှင်ဘွန်း သတင်းဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဂျပန်ပြည်သူလူထု ၈၃ ရာခိုင်နှုန်းက အိုလံပစ်ပွဲတော် ကျင်းပရေးကို မနှစ်မြို့ကြောင်းပြသခဲ့ပါတယ်။ ဆန္ဒပြုသူ ၄၀ ရာခိုင်နှုန်းက အိုလံပစ်ပွဲတော်ကို ရွှေ့ဆိုင်းစေလိုပြီး ၄၃ ရာခိုင်နှုန်းကတော့ လုံးဝမကျင်းပဖို့ လိုလားကြောင်း ဖြေကြားခဲ့ကြပါတယ်။

 

တိုကျိုအိုလံပစ်ပွဲတော်ကို မူလက ၂၀၂၀ ပြည့်နှစ် အတွင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့်ပဲ ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် တိုကျိုမြို့တော်ဟာ အရေးပေါ် အခြေအနေအောက်မှာ ရှိနေပေမယ့် တိုကျိုအိုလံပစ် အားကစားပွဲတော်ဟာ နောက်ထပ်ရွှေ့ဆိုင်းဖို့ အခြေအနေ မရှိတော့ဘူးလို့ ပြောနိုင်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာဆိုရင် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲတွေကို တရုတ်နိုင်ငံက လက်ခံကျင်းပသွားဖို့လည်း ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အိုလံပစ်ပြိုင်ပွဲတွေကျင်းပ ရေးဟာ အိမ်ရှင်နိုင်ငံ အစိုးရတစ်ခုတည်းရဲ့ ဆုံးဖြတ်ချက်နဲ့လည်း မပြီးစီးနိုင်ဘဲ နိုင်ငံတကာအိုလံပစ် ကော်မတီ (International Olympic Committee) လို ပြင်ပနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍတွေလည်း ပါဝင်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဂျပန်အစိုးရအနေနဲ့ကတော့ အိုလံပစ်ပွဲတော်တွေအောင်မြင်စွာ ကျင်းပပြီးစီးသွားနိုင်ဖို့ မျှော်မှန်းထားရှိတာကြောင့် အိုလံပစ်အားကစားပြိုင်ပွဲတွေကို အရေးပေါ် အခြေအနေကာလအောက်ကပဲ ကျင်းပသွားရတော့မှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပရတာကြောင့် အိုလံပစ်အားကစားပြိုင်ပွဲအချို့ဟာ ပွဲကြည့်ပရိသတ်မရှိဘဲ တံခါးပိတ်ကျင်းပတဲ့ပွဲစဉ် (closed door events) တွေ ရှိလာမှာဖြစ်သလို တချို့ အားကစားပြိုင်ပွဲတွေအတွက် တက်ရောက်နိုင်မယ့် ပွဲကြည့်ပရိသတ်ရဲ့ ၅၀ ရာခိုင်နှုန်း အထိသာ လက်ခံနိုင်မယ့်အနေအထားမှာ ရှိလာမှာဖြစ် ပါတယ်။

 

mdn

 

တကယ်ဆိုရင် ဂျပန်နိုင်ငံက ၂၀၂၀ တိုကျို အိုလံပစ်ပွဲတော်ကြီးကို လက်ခံကျင်းပဖို့ စတင်ကြိုးစားခဲ့စဉ်က အားကစားပြိုင်ပွဲတွေ လက်ခံကျင်းပရုံသက်သက် ရည်မှန်းချက်ထက် အများကြီး ပိုပါတယ်။ အဲဒီအချိန်တုန်းက ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အိုလံပစ်ကနေ ကမ္ဘာကိုချပြချင်တဲ့ အဓိက သတင်းစကားတွေကတော့ ဂျပန်နိုင်ငံရဲ့ ဧည့်ဝတ်ကျေပွန်မှု (hospitality) ကို ပြသဖို့နဲ့ ဂျပန် နိုင်ငံဟာ အခက်အခဲတွေကြားကနေ ပြန်လည်နိုးထလာပြီ (Japan is back) ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်က ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနေ နုတ်ထွက်သွားပေမယ့် လက်ရှိဝန်ကြီးချုပ် ယိုရှီဟီဒေ ဆူဂဟာ တိုကျို အိုလံပစ်ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ဖို့ ဆက်လက်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်အစိုးရဟာ တိုကျိုအိုလံပစ်နဲ့ မသန်စွမ်း အားကစားပြိုင်ပွဲတွေ ကျင်းပဖို့အတွက် ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံလောက်ကို ကျခံသုံးစွဲထားပြီး ဖြစ်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍက ရင်းနှီးမြှုပ်နှံထားမှု ကလည်း ဒေါ်လာ ၃ ဘီလီယံ လောက်ရှိပါတယ်။ ဂျပန်နိုင်ငံဟာ အိုလံပစ်အားကစားပြိုင်ပွဲကြီးကို ၁၉၆၄ ခုနှစ်ကလို အောင်မြင်စွာကျင်းပသွားနိုင်ဖို့ အတွက် အစိုးရအပိုင်းမှာရော၊ ပုဂ္ဂလိကကဏ္ဍကပါ အရင်းအမြစ် ကြွယ်ဝတဲ့နိုင်ငံ ဖြစ်ပါတယ်။ သို့သော်လည်း ဂျပန်နိုင်ငံ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေဟာ အိုလံပစ်ပြိုင်ပွဲ ကျင်းပရေး/ မကျင်းပရေးကိစ္စတွေ အတွက် အခြေခံအကျဆုံးပြဿနာ ဖြစ်နေပါတယ်။

 

နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ကြိုးပမ်း

 

ဒါ့အပြင် ဂျပန်အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရေးကြိုးပမ်းမှုဟာလည်း နှောင့်နှေးမှုတွေ ရှိနေတယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒါဟာလည်း ဂျပန်အစိုးရရဲ့ တင်းကျပ်တဲ့ ပြည်တွင်းလုပ်ထုံး လုပ်နည်းတွေကြောင့်ရယ်၊ နိုင်ငံတကာမှာစမ်းသပ်ပြီး အတည်ပြုထားတဲ့ Pfizer လိုဆေးမျိုးကိုတောင် ပြည်တွင်းမှာ စမ်းသပ်မှုတွေ ထပ်မံပြုလုပ်ပြီးမှ အတည်ပြုတဲ့ လုပ်ငန်းစဉ်တွေ၊ ကာကွယ်ဆေး ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ မပြီးပြတ်နိုင်တဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ အခုဆိုရင် ဖေဖော်ဝါရီလ လလယ်ပိုင်းလောက်ကစပြီး နိုင်ငံတစ်ဝန်းမှာ ကာကွယ်ဆေး ထိုးနှံပေးမှုတွေ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်နဲ့အညီ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့အထိ စာရင်းအရ ဂျပန်နိုင်ငံမှာ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူ အရေအတွက် က ၃၆ သန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးသူအရေအတွက်က ၂၁ သန်းရှိနေပြီ ဖြစ်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ဒီနှစ်ကုန်ပိုင်းခန့် မှာ ၁၂၆ သန်းအရေအတွက်ရှိတဲ့ ပြည်သူတွေ အကုန်လုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးဖို့ ဆောင်ရွက်သွားမယ်လို့ ပြောကြားထားသလို အိုလံပစ် အားကစားပွဲကြီးကိုလည်း လုံခြုံစိတ်ချစွာ ကျင်းပသွားနိုင်ရေးအတွက် ပြည်ဝင်ခွင့် စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကျပ်ခြင်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒေ ဆူဂက ကတိပြုခဲ့ပါတယ်။ ။

 

ဝန်ကြီးချုပ်ရဲ့ ကတိကဝတ်ပြုမှုအပေါ် အချို့သော ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်ကြီးတွေက သံသယ ရှိနေတာကိုလည်း တွေ့ရပါတယ်။ SoftBank ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Masayoshi Son က သူ့ရဲ့ Twitter မှာ အိုလံပစ်အားကစားပြိုင်ပွဲကြီးကို မကျင်းပဖြစ်ရင် ဂျပန်အစိုးရအပေါ်ကြီးလေးတဲ့ ဒဏ်ကြေးတွေချမှတ်ဖို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ (International Olympic Committee) ရဲ့ ခြိမ်းခြောက်မှုအပေါ် ဝေဖန် ရေးသားခဲ့ပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်လို့ နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမားနဲ့ ကိုယ်စားလှယ်တွေ စုစုပေါင်း လူ ၁ သိန်းကျော်ဂျပန်နိုင်ငံကို ဝင်ရောက်လာပြီး ကူးစက်မှုနှုန်း မြန်ဆန်တဲ့ ကိုဗစ်-၁၉ မျိုးကွဲဗိုင်းရပ်စ်တွေသာ ပျံ့နှံ့ခဲ့မယ်ဆိုရင် ဂျပန်နိုင်ငံဟာ အကြီးအကျယ် ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။ ဒီပြောဆိုမှုကို ဂျပန်နိုင်ငံရဲ့ အွန်လိုင်းကနေ ကုန်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Rakuten ရဲ့ ဥက္ကဋ္ဌ Hiroshi Mikitani ကလည်း ထောက်ခံခဲ့ပြီး အိုလံပစ်ပွဲတွေ ကျင်းပသွားဖို့ ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ ဒီအချက်တွေကိုကြည့်ရင် အိုလံပစ်ပွဲတော်ကျင်းပဖို့ ငွေကြေးအရ ပါဝင်အထောက်အကူပေးခဲ့ကြတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေကတောင် အိုလံပစ်ပွဲတွေ ရွှေ့ဆိုင်းရေးကို လိုလားကြတာ တွေ့မြင်နိုင်ပါတယ်။

 

mdn

 

နိုင်ငံအတွင်း ဝင်ရောက်ခွင့်တင်းကျပ်

 

ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်အစိုးရအနေနဲ့ အားကစားပွဲတွေ ဆက်လက်ကျင်းပသွားဖို့ ဆုံးဖြတ် ပြီးဖြစ်တဲ့အတွက် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကြိုတင်ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။ အားကစားပြိုင်ပွဲတွေ ကျင်းပပြုလုပ်မယ့် မြို့တွေအနက် တိုကျိုနဲ့ အိုဆာကာလိုမြို့ကြီးတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေဟာ လက်ရှိအချိန်မှာကို ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ဇူလိုင်လ  ၁၀ ရက်နေ့တစ်ရက်တည်းမှာ တိုကျိုမြို့တော်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ ၉၅၀ ရှိခဲ့ပြီး ဂျပန်တစ်နိုင်ငံလုံးမှာ ၂၂၇၈ ဦး ရှိခဲ့ပါတယ်။ မြို့ကြီးတွေမှာ ကိုဗစ်-၁၉ ကူးစက်သူတွေကို ကုသပေးဖို့ ကျန်းမာရေး စောင့်ရှောက်မှုစင်တာ၊ ခုတင်အရေအတွက် စတဲ့အပိုင်းတွေမှာ ကန့်သတ်ချက်အချို့ ရှိနေသလို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိ ခဲ့ပြီး ကူးစက်ပြန့်ပွားမှုနှုန်း မြန်ဆန်တဲ့ဒယ်လ်တာ အမျိုးအစား မျိုးကွဲဗိုင်းရပ်စ် (delta variant) ပိုမိုပြန့်ပွားလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ အခုဆိုရင် ဂျပန်နိုင်ငံဟာ ဒယ်လ်တာအမျိုးအစား မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုရှိနေတဲ့နိုင်ငံတွေက ဝင်ရောက်လာမယ့်သူတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို အလွန်အမင်း တင်းကျပ်ထားရှိ ပါတယ်။

 

တစ်ဖက်မှာလည်း အားကစားပြိုင်ပွဲတွေကို ကျင်းပမယ့်နေရာမှာ ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေအလိုက် ပွဲကြည့်ပရိသတ်တွေဝင်ရောက်ခွင့်ကို ပိတ်ပင်သွားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ တိုကျို အိုလံပစ်အားကစားပြိုင်ပွဲမှာ အားကစားအမျိုး အစားပေါင်း ၃၃ မျိုးနဲ့ ပွဲစဉ်ပေါင်း ၃၀၀ ကျော် ကျင်းပသွားဖို့ ရှိပါတယ်။ အိုလံပစ်အားကစားပွဲ တွေကို ပြည်ပနိုင်ငံတွေကနေ လာရောက်ကြည့်ရှု ကြမယ့် နိုင်ငံခြားသားပရိသတ်တွေကို ဂျပန်အစိုးရက ပိတ်ပင်ထားရှိပြီး ဖြစ်ပါတယ်။ ပြည်တွင်းက ပွဲကြည့်ပရိသတ်တွေကိုသာ အကန့်အသတ်နဲ့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဂျပန်တစ်နိုင်ငံလုံးမှာ အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပမယ့်နေရာ ၄၂ နေရာအနက် ၃၃ နေရာမှာ ပွဲကြည့်ပရိသတ်တွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ ပွဲကြည့်ပရိသတ် ခွင့်ပြုမယ့်နေရာတွေမှာတောင် ပရိသတ်ဝင်ဆံ့ နိုင်မှုပမာဏရဲ့ ထက်ဝက် သို့မဟုတ် ပရိသတ်ဦးရေ ၅၀၀၀ အထိ ကန့်သတ်သွားမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကိုကြည့်ရင် ဂျပန်အစိုးရဟာ အိုလံပစ်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပသွားနိုင်ဖို့ ကြိုးပမ်းစီစဉ်ဆောင်ရွက်နေတဲ့ အနေအထားကို တွေ့မြင်နိုင်ပါတယ်။ ။

 

ကာကွယ်ဆေးထိုးမှုလုပ်ငန်းစဉ် အရှိန်မြှင့်

 

အိုလံပစ်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ နိုင်ငံရေးနဲ့လည်း ဆက်နွယ်နေပါတယ်။ လာမယ့်အောက်တိုဘာလမှာ ဂျပန်နိုင်ငံရဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပ ပြုလုပ်ဖို့ ရှိနေပါတယ်။ ဒီရွေးကောက်ပွဲမှာ လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party-LDP) နဲ့ မဟာမိတ် ကိုမေတိုပါတီ (Komeito Party) တို့အနေနဲ့ အခက်အခဲတွေအများကြီး ရင်ဆိုင်ရဖို့ရှိပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ယိုရှီဟီဒေ ဆူဂ အနေနဲ့ လူထုထောက်ခံမှုနှုန်းထား ၃၃ ရာခိုင်နှုန်းပဲ ရှိနေတဲ့အတွက် အတိုက်အခံ Constitutional Democratic Party of Japan အနေနဲ့ LDP ပါတီ လွှတ်တော်အတွင်းမှာ အမတ်နေရာအများစု မရရှိအောင် ဆောင်ရွက်သွားနိုင်မယ့် အနေအထားမှာ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အိုလံပစ်အားကစားပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပသွားနိုင်ရေးနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်တွေ အရှိန်မြှင့်နိုင်ရေးဟာ ဝန်ကြီးချုပ်ဆူဂရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ။

 

၄-နှစ် တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ အိုလံပစ်အားကစားပြိုင်ပွဲကြီးတွေဟာ များပြားလှတဲ့ အဓိပ္ပာယ်တွေကို ဖော်ဆောင်နေပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက အားကစားသမားတွေဟာ ကဏ္ဍအမျိုးမျိုးသော အားကစားပြိုင်ပွဲတွေမှာ အားကစားဆိုင်ရာ တန်ဖိုးတွေ၊ စံနှုန်းစံထားတွေ အပေါ် အခြေခံ ဝင်ရောက်ယှဉ်ပြိုင်ကြရင်း အခက်အခဲတွေကို ကျော်လွှားနိုင်မှု၊ တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ သည်းခံခွင့်လွှတ်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေကို ဖော်ဆောင်မှုကနေတစ်ဆင့် ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းနိုင်ရေးကို အထောက်အကူပြုနေတာ ဖြစ်ပါတယ်။ အခု ကျင်းပမယ့် တိုကျိုအိုလံပစ်ဟာဆိုရင် သမိုင်းမှာ မကြုံစဖူး ကြီးမားတဲ့ ကိုဗစ်-၁၉ ကူးစက်မှု အခက်အခဲကြားကနေ ကျင်းပပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကြံ့ကြံ့ခံပြီး အောင်မြင်စွာကျင်းပသွားမယ် လို့ ဆုံးဖြတ်ခဲ့တဲ့ ဂျပန်အစိုးရရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားရမှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ အိုလံပစ်အားကစားပြိုင်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်မယ်ဆိုရင် သူ့ရဲ့ မူလ ရည်မှန်းချက်တွေဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ဧည့်ဝတ်ကျေပွန်မှု၊ နိုင်ငံပြန်လည် နိုးထလာမှုအပြင် ဗိုင်းရပ်စ်ပိုးအပေါ် လူသားများရဲ့ အောင်မြင်မှု (Humanity's triumph over the virus) တစ်ရပ်အဖြစ် နိုင်ငံတကာကို ပြသနိုင်မှာဖြစ်တာကြောင့် မိတ်ဆွေဂျပန်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှု ရရှိပါစေကြောင်း အထူးဆုခြွေတောင်းလိုက်ပါတယ်။

mdn

 

ရည်ညွှန်း

- Here is why Tokyo is hosting theSummer Olympics despite Covid-19 by Sheila A. Smith (Council on ForeignRelations)

- Japan's news resources (Japan Times,Japan News, Kyodo News)