၂၂ ဧပြီ
၂၀၁၉ နှစ်ကုန်ပိုင်းကနေစပြီး ကူးစက်ပျံ့နှံ့လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာဆိုရင် စတင်ခဲ့တဲ့ တရုတ်ပြည်သာမက ကမ္ဘာ့နိုင်ငံတော်တော်များများကိုပါ ကူးစက်ပြီး သေဆုံးမှုတွေလည်း ရှိလာနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ်ကြေညာထားပြီးဖြစ်သလို လူအတော်များများကလည်း ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်ရွံ့နေကြပါတယ်။
ကိုဗစ်ဟာ ကူးစက်နိုင်စွမ်းမြင့်မားပေမယ့် အသေအပျောက်နှုန်းကတော့ နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းပဲရှိတာမို့ အရမ်းကြီးစိုးရိမ်ထိတ်လန့်စရာတော့ မဟုတ်လှပါဘူး။ သို့သော်လည်း ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ခုခံအားကျဆင်းနေသူတွေ၊ နဂိုရောဂါအခံတစ်ခုခုရှိသူတွေ၊ ခုခံအားကျစေတဲ့ စတီးရိုက်လိုဆေးတွေသောက်သုံးနေရသူတွေ၊ ကင်ဆာရောဂါသည်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာတော့ အသေအပျောက်ပိုမိုရှိနိုင်တဲ့အတွက် အထူးဂရုပြုဖို့တော့လိုပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါအကြောင်းကို လူတွေကို နှိုးဆော်ခဲ့တဲ့ အသက်သုံးဆယ်ကျော်သာရှိသေးတဲ့ တရုတ်လူငယ်ဆရာဝန် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့တာကလည်း ဒီဗိုင်းရပ်စ်ကိုပေါ့ပေါ့ဆဆ သဘောထားဖို့ မသင့်တဲ့အကြောင်းဖော်ပြေနေပါတယ်။
အမေရိကန်ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ကာကွယ်ရေးစင်တာက ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ အများပြည်သူတွေ လိုက်နာသင့်တဲ့အချက်တွေကတော့ ဒီလိုပါ။
(၁) လက်ခဏခဏဆေးပါ။ ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး လက်ကို တံတောင်ဆစ်အထိ ကျကျနန သေသေချာချာ ဆေးကြောခြင်းဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ငွေကုန်ကြေးကြလည်းမများစေသလို လူတိုင်းလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။
(၂) အပြင်ကနေအိမ်ပြန်ရောက်တာနဲ့ ဝတ်လာတဲ့အဝတ်အစားတွေကို တန်းချွတ်ပြီး လျှော်မယ့်နေရာမှာထားပါ။ ဒါမှမဟုတ် ကျွတ်ကျွတ်အိတ်တစ်ခုခုနဲ့ ကျကျနနထုပ်ပိုးပါ။ အခြားသူတွေ၊ ကလေးသူငယ်တွေကို ပွေ့ဖက်နမ်းရှုံ့တာမျိုးမလုပ်ခင် မျက်နှာသစ်ပါ။ လက်ကို သေသေချာချာ ဆပ်ပြာနဲ့ဆေးပါ။
(၃) ဆပ်ပြာနဲ့ရေအလွယ်တကူမရနိုင်တဲ့နေရာတွေအတွက် ရေမလိုလက်ဆေးဆပ်ပြာရည် hand gel ဆောင်ထားပါ။ လက်တွေကို hand gel နဲ့မကြာခဏ သန့်ရှင်းပါ။
(၄)ဖျားနာတဲ့အခါ၊ နှာစေးချောင်းဆိုး လည်ချောင်းနာဖြစ်တဲ့အခါ တခြားသူတွေနဲ့ အထိအတွေ့မရှိအောင်နေပါ။ အပြင်ထွက်တာ၊ အလုပ်သွားတာမျိုးရှောင်ကြဉ်ပါ။ အိမ်မှာပဲ နားနားနေနေနေပါ။
(၅) နှာချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို လက်ကိုင်ပုဝါ ဒါမှမဟုတ် လက်နဲ့အုပ်ပြီးမှ ချေပါ။
(၆) မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို လက်နဲ့ပွတ်တာမျိုးမလုပ်ပါနဲ့။
(၇)လက်ကိုင်တယ်လီဖုန်းလိုမျိုး ဗိုင်းရပ်စ်ထိတွေ့မှုရှိနေနိုင်တဲ့ ပစ္စည်းတွေကို hand gel နဲ့ ပွတ်တာလိုမျိုးနဲ့ သန့်ရှင်းပေးပါ။
(၈) အာဟာရပြည့်ဝအောင်စားသုံးပါ။
(၉) လူစုလူဝေးတွေကိုရှောင်ပါ။
(၁၀) အိပ်ရေးပျက်ခြင်း
ခုခံအားကောင်းအောင်နေခြင်းဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သာမက အခြားကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ညနက်တဲ့အထိ အိပ်ရေးပျက်ခံတာမျိုးတတ်နိုင်သရွေ့ ရှောင်ရှားသင့်ပါတယ်။
ရေးသားသူ Dr. Seinn Moe Satt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”