ကိုဗစ် - ၁၉ နှင့် နေအိမ်တွင် နေထိုင်ခြင်း

mdn

သတင်းဆောင်းပါး - မောင်မင်းထင်(မြစ်ဝကျွန်းပေါ်)

 

ကိုဗစ်-၁၉ သည် ကိုရိုနှာဗိုင်းရပ်စ်အမျိုးအစားတွင် ပါဝင်သော်လည်း မျိုးရိုးဗီဇအရ ရောဂါပိုးအသစ် ဖြစ်ပါ သည်။ လူထုတွင်း ရောဂါပိုးဝင်ရောက်ပြီး ကူးစက်မှုဖြစ်ပွားပါက ၈၀ ရာခိုင်နှုန်းသည် မပြင်းထန်သော သာမန်ရောဂါလက္ခဏာပြသူများနှင့် အချို့မှာ ပိုးရှိသော် လည်း ရောဂါလက္ခဏာမပြသူများ ဖြစ်ကြပါသည်။ ၁၄ ရာခိုင်နှုန်းမှာ ရောဂါပြင်းထန်ပြီး ခြောက်ရာခိုင်နှုန်း ခန့်မှာ အသည်းအသန်ရောဂါပြင်းသူများ ဖြစ်နိုင်ပါသည်။ တွေ့ရှိချက်များအရ အသည်းအသန်ရောဂါပြင်းသူများနှင့် သေဆုံးသူများမှာ အများအားဖြင့် အသက်ကြီးသူများ ဖြစ်ကြပါသည်။ ထို့အပြင် ကိုဗစ်-၁၉ မှာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လူအစုအပြုံလိုက် ကူးစက်မှု များပြား လာလေလေ၊ သေဆုံးမှုနှုန်းများပြားလာလေလေ ဖြစ်ပါ သည်။ မိမိနိုင်ငံအလိုက်ကျန်းမာရေးနှစ်အပေါ်မူတည်၍ ရောဂါပြင်း လူနာများအား နိုင်နိုင်နင်းနင်း ကိုင်တွယ် ကုသနိုင်သည့် အရေအတွက်ပမာဏထက် လူနာပိုများ လေလေး သေဆုံးမှုများလေလေဖြစ်ပါသည်။ ထို့အတွက် ကြောင့် တစ်ချိန်တည်းတွင် လူအများအပြား၊ အဆ မတန်၊ မဖြစ်ပွားစေရန် ကာကွယ်ထိန်းချုပ်ရေးသည် အလွန်ပင် အရေးကြီးပါသည်။

 

မိမိတို့နိုင်ငံတွင် ၂၃-၃-၂ဝ၂ဝ ရက်နေ့၌ ပြည်ပမှ ပြန်လာသော အမျိုးသား နှစ်ဦးတွင် ရောဂါပိုး စတင် တွေ့ရှိခဲ့သည်။ တဖြည်းဖြည်းဖြင့် ရောဂါပိုးတွေ့သူဦးရေ များလာပြီ ဖြစ်သည်။ မည်သည့်အချိန်၌ အဓိကကူးစက်မှု အသွင်ရောက်ရှိလာမည်ကို အခြားနိုင်ငံများ၏ ဖြစ်စဉ် အရ ခန့်မှန်းရပါက ရက်ပေါင်း ခြောက်ဆယ်ခန့် ကြာနိုင် မည်ဟု ခန့်မှန်းရပါသည်။ အဘယ်ကြောင့်ဆိုလျှင် လူနှာ နံပါတ် (၁) တွေ့ရသည့်အချိန်မှ ကပ်ရောဂါအသွင် စတင်များပြားလာသည့်အချိန်အထိ တောင်ကိုရီးယား တွင် ရက်ပေါင်း ၃၀ ကြာပြီး ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၅၈ ရက် ကြာပါသည်။ ကြာမြင့်မှု နည်းခြင်း၊ များခြင်း မှာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပြည့်ပြည့် ဝဝ ဆောင်ရွက်နိုင်မှုအပေါ်တွင်လည်း မူတည်ပါသည်။

 

ကိုဗစ်-၁၉ သည် ကူးစက်မြန်ရောဂါဖြစ်သော်လည်း ဝက်သက်ရောဂါလောက် မမြန်ဆန်ပါ။ ဝက်သက်ရောဂါ ပိုး၏ အခြေခံကူးစက်ပြန့်ပွားနှုန်းမှာ ၁၈ အထိ မြင့်မား ပါသည်။ ဆိုလိုသည်မှာ ရောဂါပိုးကို ခုခံနိုင်သည့် ခုခံအား မရှိသည့် လူစုတွင် ပိုးရှိသူ တစ်ဦးမှ အခြားလူ ၁၈ ဦးသို့ ကူးစက်နိုင်ခြင်း ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါပိုး၏ အခြေခံကူးစက်ပြန့်ပွားနှုန်းမှာ နှစ်ဦး၊ သုံးဦး ခန့်သာ ရှိပါသည်။ လူနာ တစ်ဦးမှ အခြားလူ နှစ်ဦးမှ၊ သုံးဦးခန့်သို့ သာ ကူးစက်နိုင်ပါသည်။ ထို့အတွက် ရောဂါပိုးနှင့်ထိတွေ့ နိုင်မှု အနည်းဆုံးဖြစ်စေရေးအတွက် ထိတွေ့ ဆက်ဆံမှု ကန့်သတ် သောနည်းလမ်းကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ပါလျှင် ရောဂါကူးစက်မှုကို များစွာမမြင့်တက်စေဘဲဖြစ်ပွားမှု ကာလကို အနည်းငယ်ဆွဲဆန့်ခြင်းဖြင့် ထိန်းချုပ်ထားနိုင် မည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှာ ပြည်ပမှပြန်လာသူများမှ စတင်တွေ့ရှိခြင်း ဖြစ်ပါသည်။ ထို့အပြင်ရောဂါရှိသူများနှင့် ထိတွေ့ဆက်ဆံသူများလည်း ရောဂါကူးစက်ခံရသည်များ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပမှ ပြန်လာသူများကို ရောဂါ ရှိ မရှိ ကန့်သတ်စောင့်ကြည့်မှု Quarantine လုပ်ကြသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေး အချက် အလက်များကိုထုတ်ပြန်ပြီး အတိအကျလိုက်နာဆောင်ရွက်ရန်နှင့် မိမိသာမက မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးရန် အသိပေးနှိုးဆော်ထားပါသည်။ လက်ရှိ တွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် လူစုလူဝေး ဖြစ်နိုင်သည့် မည်သည့်အခြေအနေမဆို တားမြစ်ထားပါသည်။ သင်္ကနြ်ရုံးပိတ်ရက်များတွင် ပြည်သူများက နေအိမ်၌သာ နေထိုင်ကြရန် လိုအပ်ပါသည်။ ဤသို့ ဆောင်ရွက်ခြင်းများမှာ နိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုကို ဟန့်တား နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်းပင် ဖြစ်ပါသည်။

 

ပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စနှင့် အစား အသောက်ဝယ်ယူရန်ကိစ္စမှအပ မိမိအိမ်တွင် နေထိုင်ခြင်း များ ပြုလုပ်သင့်ပါသည်။ ကိုယ်ဖြစ်လျှင် ကိုယ်ခံရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်လျှင် ကိုယ်ဖြစ် သော်လည်း ကိုယ်ချည်းသာမကဘဲ အများခံရသည့် ရောဂါ ဖြစ်သည်။ မိမိတွင် မိသားစု၊ ဆွေမျိုး အသိုင်းအဝိုင်း၊ မိတ်ဆွေအသိုင်းအဝိုင်းရှိသည်ကို သတိချပ်ရပါမည်။ မိမိ အပေါင်းအသင်း ပတ်ဝန်းကျင်ကောင်းများလည်း ရှိသည် မဟုတ်ပါလား။ ဤသည်တို့ကို ငဲ့ညှာရမည်။ ညှာတာထောက်ထားကြရမည်။ ထို့အတွက် မိမိအနေဖြင့် သတိထား ဆင်ခြင်ရမည်။ ရောဂါမဖြစ်စေရေးအတွက်ကာကွယ်ရမည် ဟူ၍ မှတ်ယူရမည်း ရောဂါကူးစက်ပြန့်ပွားစေရေး အတွက် ထိန်းချုပ်ရမည်ဖြစ်ကြောင်းကို သုံးသပ်ဆင်ခြင်စဉ်းစားရ မည် ဖြစ်ပါသည်။

 

ကိုဗစ်-၁၉ ရောဂါပြဿနာအတွက် ဖြေရှင်းရန်မှာ ပထမအဆင့်၌ ကာကွယ်နည်းဖြစ်သည်။ မဖြစ်ပွားအောင် ဘယ်လိုကာကွယ်ရမည်ကိုစဉ်းစားထားရမည်။ ကျန်းမာရေး ဌာနကထုတ်ပြန်ထားသည့် ကာကွယ်နည်းလမ်း များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ ကြိုးစားအားထုတ်၍ ကြိုတင်ကာကွယ် ထားပါလျက် ရောဂါ ဖြစ်ပွားလာပါကလည်း အကြောက်မလွန်ရန် လိုပါသည်။ ထိုအခါ ဒုတိယအဆင့်အနေဖြင့် ရောဂါဖြစ်ပွားလာပါက ဘယ်လိုရင်ဆိုင်ရမည်ဆိုသည်ကို ကြိုတင်စဉ်းစားထားရမည် ဖြစ်သည်။ မိမိအတွက် အစားအသောက်၊ အနေအထိုင် ဆင်ခြင်ခြင်း၊ ကုသပေးသူ၏ လမ်းညွှန်ချက်များ အတိုင်း တစ်သဝေမတိမ်း လိုက်နာခြင်း ပြုရမည်ဖြစ်ပါသည်။ တတိယအဆင့်အနေဖြင့် မိမိမှာဖြစ်ပွားနေသော ရောဂါကို အမြန်ဆုံး ပျောက်ကင်းအောင် နည်းလမ်းများ ရွေးချယ်၍ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့မှသာလျှင် ရောဂါဖြစ်ပွားခြင်းဟူသည့် အခက်အခဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည် ဖြစ်ပါသည်။ ရောဂါ ပျောက်ကင်းလျက် ကျန်းမာခြင်းဟူသည့် အောင်မြင်ခြင်းကို ရယူလျက် အဆုံးသတ်နိုင်အောင် ကြိုးစားရမည် ဖြစ်ပါသည်။ ဆိုရပါလျှင် ရောဂါဖြစ်ပွားခြင်းဟူသော ပြဿနာနှင့် ရောဂါပျောက်ကင်းရန် ဆောင်ရွက်ရမည့် | နည်းလမ်းသည် အကြွစေ့တစ်စေ့၏ ခေါင်းနှင့်ပန်းကဲ့သို့ပင် ဖြစ်ပါသည်။ ပြဿနာသည် ခေါင်းဖြစ်ပါက နည်းလမ်းသည် ပန်း ဖြစ်ပါသည်။ ခေါင်းပျောက်သွားပါက ပန်းသာ ပေါ်လာရမည်ဖြစ်သည်။ ပြဿနာ ရှင်းလင်း သွားပါက ဖြေရှင်းနည်းလမ်းသည် မှန်ကန်နေပြီ ဖြစ်ပါသည်။ ရောဂါမှ ပျောက်ကင်းချမ်းသာသွားပါက ရောဂါကုသမှုနည်းလမ်းသည် မှန်ကန်သည့်နည်းလမ်းပင် ဖြစ်ပါသည်။

 

မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှာ နောက်ကျခဲ့ခြင်းဖြစ်ရာ အခြားနိုင်ငံများ၏ ရောဂါကုသမှု ကာကွယ်မှု နည်းလမ်းများထဲမှ မိမိတို့ နိုင်ငံနှင့် လိုက်လျောညီထွေမည့် နည်းလမ်းများကို ရယူနိုင်လေသည်။ ယခုအချိန်တွင် ရောဂါပြန့်ပွားမှုနည်းရန်အတွက် မိမိအိမ်တွင်နေထိုင်သည့်နည်းလမ်းကို သုံးစွဲလျက်ရှိရာ စိတ်ဓာတ်ခွန်အားပြည့်ဝရန် လိုပါသည်။ မြစ်ရေစီတစ်ခုတွင် ရေစုန်အတိုင်း အလိုက်သင့် မျောပါ သွားလျှင် သက်သောင့်သက်သာရှိမည်သာ ဖြစ်သည်။ ရေဆန် (သို့မဟုတ်) ကန့်လန့်ဖြတ် ဖြစ်နေလျှင် အခက် အခဲဖြစ်မည် သာလျှင် ဖြစ်သည်။ ယခုအချိန်ကာလတွင် ယခင်ကာလများကကဲ့သို့ လွတ်လွတ်လပ်လပ် နေထိုင်သွားလာခြင်း မပြုရသည့်အတွက် ခက်ခဲပင်ပန်းမည်။ သို့သော် စိတ်ဓာတ်ခွန်အားဖြင့် တွေ့ကြုံရမည့် အခက်အခဲကို ရင်ဆိုင် တွန်းလှန်ရမည် ဖြစ်သည်။ ယခင်ကကဲ့သို့ နေထိုင်ခဲ့ခြင်းတည်းဟူသော ရေစုန်ကိုမလိုက်ဘဲ၊ အိမ်တွင် နေထိုင်ခြင်း ဟူသော ရေဆန်ကိုသွားလျက် ကိုဗစ်-၁၉ ဟူသော ကပ်ရောဂါဆိုး၏အန္တရာယ်ကိုတွန်းလှန်ခြေဖျက် ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။