နေပြည်တော် ၁၂ ဧပြီ
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် အသွားအလာ ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ခြင်းတို့ကို ဆောင်ရွက်ရာတွင် သီးခြားခွဲခြားနေထိုင်ရခြင်းနှင့် ဆက်စပ်သည့် အကြောင်းများကြောင့် Quarantine အစီအစဉ်များ တွင် ပါဝင်နေသူများ အနေဖြင့် စိတ်ဖိစီးမှုများ ခံစားရနိုင်ခြင်းကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း(Community Based Facility Quarantine)နှင့် အခြား Quarantine အစီအစဉ် များတွင် ပါဝင်နေသူများအတွက် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ ဝန်ဆောင်မှုရယူနိုင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရာတွင် စတင်ဆောင်ရွက်သည့် ဧပြီ ၉ ရက်တွင် ရန်ကုန်မှ ငါးဦး၊ ဧပြီ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ဦး၊ မွန်ပြည်နယ်မှ သုံးဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဦး၊ ကရင်ပြည်နယ်မှ နှစ်ဦး၊ နေပြည်တော်မှ တစ်ဦး စုစုပေါင်း ရှစ်ဦး၊ ဧပြီ ၁၁ ရက်တွင် စစ်ကိုင်းဒေသကြီးမှ သုံးဦး စသည်ဖြင့် သုံးရက်တာ ကာလအတွင်း စုစုပေါင်း ၁၆ ဦးဖုန်းဖြင့် ခေါ်ဆိုဆက်သွယ် မေးမြန်းလာခဲ့ကြောင်း သိရသည်။
သီးခြားနေထိုင်ရသည့် ကာလအတွင်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် လူမှုရေး လိုအပ်ချက်များကို မျိုသိမ်မထားဘဲ အမှန်တကယ်လိုအပ်သော အကူအညီများကို တာဝန်ရှိသူများထံ ဖွင့်ဟဆွေးနွေးအကူအညီ ရယူနိုင်ရန် နှင့် စိတ်ခံစားချက်များ လျော့ပါးသက်သာစေနိုင်ရန်အတွက်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ စိတ်ကျန်းမာပညာအဖွဲ့တို့က ပူးပေါင်းစီစဉ်ထားသည်။
“အဓိကရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ရောဂါကူးစက် ပျံ့နှံ့ခြင်းကနေ ကာကွယ်ဖို့ ၁၄ ရက်တာ အသွားအလာ အကန့်အသတ်ကနေ အခုဆိုရင် ၂၁ ရက်တာ အသွားအလာ အကန့်အသတ်အဖြစ် ဆောင်ရွက်နေပါ တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ သီးခြားခွဲပြီးနေနေရတဲ့သူတွေ စိတ်ဖိစီးမှုခံရဖို့များလာတဲ့အတွက် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် လူမှုဖြစ်ရပ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် လူမှုဝန်ထမ်းသမားများ မွေးထုတ်ပေးထားကာ နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ပေးလျက်ရှိသည်။ ယခင်က မျက်နှာချင်းဆိုင် နှစ်သိမ့်ဆွေးနွေးမှုများ လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ၏ အနေအထားအရ လူချင်းတွေ့ဆုံ ရှင်းလင်းပြဖို့ရန် အခက်အခဲရှိသည့်အတွက် ဖုန်းများနှင့် အွန်လိုင်းဝန်ဆောင်မှု ပေးရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လေးယောက်စီဖြင့် လေးရက်ကြာ အထူးလေ့ကျင့်ပေးခဲ့ထားကာ စုစုပေါင်း ၆၀ နှင့် ပရဟိတ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“စိတ်ပိုင်းဆိုင်ရာ အကြံပြုချက်အနေနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ စိတ်ကျန်းမာပညာအဖွဲ့တို့က စိတ်ပိုင်းဆိုင်ရာ အကြံပြုချက်တစ်ရပ် ထုတ်ထားပါတယ်။ အဲဒီမှာ အချက် ကိုးချက်ပါပါတယ်။ အဲဒီအချက် ကိုးချက်က ကိုယ့်ရဲ့ လူမှုအသိုက်အဝန်းတွေဖြစ်တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ်နဲ့ဆက်သွယ်နေတဲ့ တယ်လီဖုန်း၊ အီးမေးလ်၊ အင်တာနက် စတဲ့ လူမှုကွန်ယက်တွေ ကနေတစ်ဆင့် ဆက်သွယ်တာတွေကိုလည်း ပြုလုပ်ပါလို့ ပြောချင်ပါတယ်။ နေ့စဉ် လူမှုဆက်ဆံပေးမှာ Quarantine Site ထဲမှာ ဝင်နေလို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး နေနိုင်ပါတယ်လို့ ပြောချင်ပါတယ်။
ဒါ့အပြင် အိမ်မှာ လုပ်ဆောင်နေကျ အလုပ်တွေထဲကနေ လက်ရှိပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် သူတစ်ပါး ကိုလည်း မထိခိုက်စေနိုင်တဲ့ ကိုယ့်ဝါသနာပါတဲ့ အလုပ်တစ်ခုကိုလည်း ဆက်ပြီးလုပ်ဆောင်ပါ။ စားသောက်တာတွေ၊ အိပ်စက်အနားယူတာတွေကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် သတိပြုပြီး ဆောင်ရွက်ဖို့ပါ။ ဒီနေရာမှာ အထူးပြု ပြောချင်တာကတော့ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတာတွေကိုတော့ ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။
ကိုယ်နဲ့ စိတ်ကိုဖြေလျော့တဲ့ လေ့ကျင့်မှုတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း မှန်မှန်ပြုလုပ်သင့်ပါတယ် ဆိုတာကိုလည်း အကြံပြုချင်ပါတယ်။ မိမိကိုးကွယ်ရာ ဘာသာတရားအလိုက် ကတိပြု ဆုတောင်းတာတွေ၊ တရားမှတ်တာတွေနဲ့လည်း ကိုယ့်အတွက် အကျိုးရှိမယ့်လုပ်ငန်းတွေနဲ့ အချိန်ကို အသုံးချစေချင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို တစ်နေကုန်ထိုင်ပြီး စိုးရိမ်စိတ်နဲ့ ကြည့်နေရတဲ့ အနေအထားဟာ စိတ်ဖိစီးမှုကို ပိုများစေတဲ့အတွက် အဲဒါတွေကိုလည်း ဆင်ခြင်ပြီး ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းများကိုလည်း သတိပြုလိုက်နာ ဆောင်ရွက်စေချင် ပါတယ်။ ကောလာဟလ သတင်းတွေကိုလည်း အထူးသတိပြုပြီး ရှောင်ကြဉ်စေချင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေနဲ့ ညွှန်ကြားချက်တွေကိုတော့ လေ့လာမှတ်သားဖို့နဲ့ လက်လှမ်းမီပြီး အကျိုးရှိတဲ့ စာပေတွေကို ဖတ်ဖို့ဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောကြားသည်။
ယခုအစီအစဉ်နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် MPT, Mytel, Telenor နှင့် Ooredoo တို့က Covid-19 ကူးစက်ရောဂါဘေး ရင်ဆိုင်နေရစဉ်ကာလအတွင်း အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကြည်


