၁၉၂၀ ပြည့်နှစ်တွင် စတင်ပေါ်ထွက်လာသည့် မြန်မာ့ရုပ်ရှင်သည် ယခုနှစ်တွင် နှစ် ၁၀၀ ပြည့်ပြီ။ ကြုံတောင့်ကြုံခဲ မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲ ဆင်နွှဲရမည့် အခါသမယတွင်မှ ကမ္ဘာနှင့်ချီသည့် ကပ်ရောဂါကျရောက်မှုနှင့် တိုက်ဆိုင်နေသည်။ ကိုဗစ်-၁၉ကြောင့် တစ်ကမ္ဘာလုံး တုံ့ဆိုင်းရပ်တန့်သွားကြရသည့်အထဲတွင် ရုပ်ရှင်လုပ်ငန်းများလည်း ပါဝင်ရာ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ ကွင်းဆက် တစ်ခုလုံးသည်လည်း ရပ်ဆိုင်းသွားရသည့်အပြင် မည်သည့်အချိန်တွင် ပြန်လည်စတင်နိုင်မလဲဆိုသည့် မေးခွန်းအတွက်လည်း အဖြေပေးရန် ခက်ဦးမည့်အခြေအနေသာဖြစ်သည်။

ရုပ်ရှင်သည် လူထုပရိသတ်အပေါ်သြဇာသက်ရောက်မှု ဖြစ်ပေါ်စေနိုင်သည့် အနုထည် စွမ်းအား (Soft Power)တစ်ခုဖြစ်သလို တစ်ဖက်တွင်လည်း ကြီးမားသည့်စီးပွားရေးလုပ်ငန်းမျိုးဖြစ်သည်။ ရုပ်ရှင်ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ပြသခြင်းလုပ်ငန်းစဉ် အဆင့်တိုင်းတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် သရုပ်ဆောင်များ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ အလုပ်သမားများ အများအပြား ရှိနေသလို ၎င်းတို့ကို အမှီသဟဲပြုနေကြရသည့် မိသားစုဝင် အများအပြားလည်း ရှိကြသည်။ ရုပ်ရှင်လုပ်ငန်း ကောင်းလျှင်ကောင်းသလို ၎င်းတို့၏ ဘဝရပ်တည်မှု သာယာစိုပြည်ကြပြီး မကောင်းလျှင်လည်း မကောင်းသလို ခြောက်သွေ့ နွမ်းနယ်ကြရသည်။ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်မှုကြောင့် ရပ်နားထားကြရသည့် ကာလအတန်ကြာသည်နှင့်အမျှ ရုပ်ရှင်လောကသားတို့ သူ့အတိုင်းအတာနှင့်သူ ဆိုသလို ထိခိုက်ခံစားကြရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဇူလိုင် ၂၈ရက်က Video Conferencing တစ်ရပ်ပြုလုပ်ရာတွင် “ယခုအချိန်သည် ပေါ့ဆ၍ရသည့်အချိန်မဟုတ်သေးသည့်အတွက် ဆက်လက်၍သတိနှင့်နေထိုင်ရမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းကိုလည်း အခြားလုပ်ငန်းများနည်းတူ အမြန်ပြန်လည် လည်ပတ်စေလိုပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းများကို အမြန်ပြန်လည် လည်ပတ်စေလိုသော်လည်း တစ်ဖက်တွင် ကျန်းမာရေးအတွက် စဉ်းစားစရာများ ရှိပါကြောင်း” စသည်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အဆိုပါ Video Conferencing တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့၏ ဆွေးနွေး ပြောကြားချက်များတွင် မြန်မာ့ရုပ်ရှင်လုပ်ငန်း ပြန်လည် လည်ပတ်လိုမှုအပေါ် စေတနာနှင့်အတူ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့နိုင်မည့် အခြေအနေအပေါ်တွင် စိုးရိမ်မှုတို့ကိုလည်း တွေ့မြင်နိုင်ကြသည်။

လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ရေးအတွက် အကန့်အသတ်အတားအဆီးများကို ဖြေလျှော့ပေး၍ မဖြစ်နိုင်သေး။ ဘုရားကျောင်းကန် သွားရောက်မှုများ၊ ဝတ်ပြုကိုးကွယ်မှုများ၊ ဘာသာရေးအခမ်းအနအကျင်မှုများ ပုံမှန်ပြန်မရသေးသလို အခြေခံပညာကျောင်းများကိုလည်း အပြည့်အဝပြန်လည် ဖွင့်လှစ်နိုင်သေး ကိုရိုနာဗိုင်းရပ်စ်ဟောင်း၏ မျိုးရိုးဗီဇနှင့် သဘာဝကလည်း ပြောင်းလဲနေသလို အသိခက်နေသေးသည်။ မိမိတို့နိုင်ငံတွင် ရောဂါပိုးတွေ့ လူနာ ရာဂဏန်းအနည်းငယ်မျှသာ တွေ့နေရ ခြင်းက ရှေ့မှာကာကွယ်ထိန်းချုပ်မှုများ ကြိုကြိုတင်တင်ပြုလုပ်ခဲ့ ကြသောကြောင့်သာဖြစ်သည်။ ရောဂါပိုးကိုလျှော့တွက်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးကို အလေးမထားခဲ့သည့် နိုင်ငံများမှာ အထိနာနေကြသည်။ နည်းပညာအင်အား၊ ဓနအင်အားနည်းသူ နိုင်ငံငယ်တစ်နိုင်ငံအဖို့ ကိုဗစ်-၁၉ ကပ်ဆိုက်ခံရပါက အခြေအနေ ပိုဆိုးမည်။ မဖြစ်ခင်ကာကွယ်ခြင်းက ဖြစ်ပြီးမှ ကုသခြင်းထက်များစွာ ပိုကောင်းသည်။

ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ်ပြသရာတွင် ကြည့်ရှုမည့် ပရိသတ်ရှုထောင့်မှ ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်မည် ဖြစ်သည်။ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်ရှုသူ ပရိသတ်များမှ စီးပွားရေးအရ အောင်မြင်နိုင်မည်။ ကိုဗစ်ရောဂါဖြစ်ပွားနေဆဲ ကာလအတွင်း ရုပ်ရှင်ရုံထဲမှာ ၂ နာရီခန့် အချိန်ပေးကြည့်ရှုလိုမည့် ပရိသတ် နည်းပါးနိုင်သကဲ့သို့ ကိုဗစ်-၁၉ ကာကွယ်ရေးအစီအမံများအောက်တွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရုပ်ရှင်ကြည့်ရှုရန် မှာလည်း ရုပ်ရှင်ခံစားမှုရသတို့ မရနိုင်ဘဲ ဓားသွားပေါ်က ပျားရည် စက်ကို လျက်ရသည့်နှယ်သာဖြစ်မည်။ ရုံတွင်ကြည့်ရသည့် ရုပ်ရှင်ထက် အိမ်မှာကြည့်ရသည့်ရုပ်သံဇာတ်လမ်း၊ ဇာတ်လမ်းတွဲတို့ကသာ လောလောဆယ် ကိုဗစ်-၁၉ ကာလနှင့် ကိုက်ညီမည်ဟု ယူဆမိ ပါကြောင်း။ ။

မြန်မာ့အလင်း