မိုးညှင်း ၄ ဧပြီ

 

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်၌ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါရာဂါဖြစ်ပွားသည့် လူနာများ တွေ့ရှိခဲ့သဖြင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူများ လေ့လာကြည့်ရှုဆင်ခြင်နိုင်စေရန် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်တွင်းအနုပညာရှင်များ၏ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ တိုက်တွန်းနှိုးဆော်ချက်ဗီနိုင်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြသထားရှိခဲ့သည်။

 

mdn

 

ကိုဗစ်-၁၉ ပြန့်နှံ့ဖြစ်ပွားမှု အန္တရာယ်မှ ကင်းဝေးစေရန် မိမိအသိစိတ်ဓာတ်ဖြင့် အိမ်အတွင်း၌သာ နေထိုင်စေရန် ပြည်တွင်းအောင်မြင်ကျော်ကြားသည့် အနုပညာရှင်များ၏ အသိပေးနှိုးဆော်ချက်များဖြစ်သည့် သင့်တိုင်းပြည်ကို ကာကွယ်ရန်အပြင်မထွက်ပါနှင့်၊ သင့်မြို့ရွာကိုကာကွယ်ဖို့ အတွက်အိမ်မှာပဲနေပါ၊ သင်ကိုယ်သင်ကာကွယ်ဖို့အတွက် အိမ်မှာပဲနေပါ အစရှိသည့် ဗီနိုင်းဓာတ်ပုံများ အပါအဝင်နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဖြစ်ပွားမှုမှ ကာကွယ်ရန်လိုက်နာဆောင်ရွက်ရန် လိုအပ်မည့်အချက်များ၊ ဒေသတွင်း လတ်တစ်လော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကိုလည်း အများပြည်သူလေ့လာကြည့်ရှုနိုင်စေရန် ဆောင်ရွက် ပြသထားရှိကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(ပြန်/ဆက်)