နေပြည်တော် ၁၁ ဧပြီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ Blue Ocean Investment Limited နှင့် မိုဘိုင်းအော်ပရေတာများ (MPT, Telenor, Ooredoo နှင့် Mytel) ပူးပေါင်း၍ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ သိရှိလိုသည်များကို အခမဲ့မေးမြန်းနိုင်သော National Call Center ကို 2019 နံပါတ်ဖြင့် ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ Call Center သည် လက်ရှိကမ္ဘာတစ်ဝန်းနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ၏ ဖြစ်ပွားမှု၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါကာကွယ်ရန် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်း၊ လူနာများ ရှာဖွေကုသခြင်း စသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ပြည်သူလူထုမှ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းနိုင်ရေးအတွက် အဓိက ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
ယင်း Call Center စတင်ဖွင့်လှစ်သည့် ဧပြီ ၈ ရက်မှ ဧပြီ ၁၀ ရက်အထိ ဆက်သွယ်မေးမြန်းသူပေါင်း ၂ သိန်းကျော်ရှိကြောင်း၊ Call Center သို့ ဆက်သွယ်သည့်သူများ ယခုထက် ပိုမိုအဆင်ပြေစေရန်အတွက် နည်းပညာပိုင်းဆိုင်ရာများကို ထပ်မံတိုးမြှင့်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ပြောသည်။
Call Center ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ဆေးသုတေသနဦးစီးဌာန(ရန်ကုန်) ဦးစီးဆောင်ရွက်ပြီး ဆေးသုတေသနဦးစီးဌာနမှ ဆန္ဒအလျောက် တာဝန်ယူဆောင်ရွက်သူများနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) မှ စေတနာ့ဝန်ထမ်းဆရာဝန်များ စုစုပေါင်း ၆၀ ဖြင့် ဧပြီ (၈) ရက်မှစတင်ကာ နေ့စဉ် နံနက် (၈) နာရီမှ ည (၈) နာရီအထိ ဖြေကြားပေးလျက်ရှိသည့်အပြင် ပြည်သူလူထု အမေးများနိုင်ပြီး မဖြစ်မနေသိရှိထားရမည့် ကိုဗစ်-၁၉ နှင့်သက်ဆိုင်သော ကျန်းမာရေး အသိပညာပေး သတင်းအချက်အလက်များကို စက်မှ အလိုအလျောက် ဖြေကြားပေးသည့် စနစ်ကို စီစဉ်ထားသည်။
ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက လိုင်းခွဲနံပါတ် - ၀ သို့နှိပ်၍ တစ်ဦးလျှင်အချိန် (၆) မိနစ်ခန့် မေးမြန်းနိုင်မည့်အပြင် “2019” သို့ခေါ်ဆိုပြီး လိုင်းခွဲနံပါတ် - ၁ တွင် ရောဂါလက္ခဏာများအကြောင်း၊ လိုင်းခွဲနံပါတ် - ၂ တွင် ကူးစက်နိုင်သော နည်းလမ်းများအကြောင်း၊ လိုင်းခွဲနံပါတ် - ၃ တွင် ကာကွယ်နိုင်သော နည်းလမ်းများအကြောင်း၊ လိုင်းခွဲနံပါတ် - ၄ တွင် အသွားအလာကန့်သတ်ခြင်းအကြောင်း၊ လိုင်းခွဲနံပါတ် - ၅ တွင် နောက်ဆုံးရ ကိုဗစ်-၁၉ ပိုးတွေ့လူနာအရေအတွက် အကြောင်းတို့ကို အလိုအလျောက်စနစ်ဖြင့် ဖြေကြားပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ထက်လျှံ


