မန္တလေး၊ ၁၀ ဒီဇင်ဘာ

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်းရှိ ငါးဈေး( သီရိမာလာဈေး)ကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ပိတ်သိမ်းရန်စီစဉ်နေကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

အဆိုပါဈေးရှိ လူဦးရေများတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၅၀ ခန့်ရှိပြီး ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားကြောင်း သိရသည်။

 

"သီရိမာလာဈေးကြီးတစ်ခုလုံး ပိတ်မှာပါ။ ဈေးပတ်ဝန်းကျင်မှာ ဈေးရဲ့အပြင်ဘက်မှာ တချို့ဆိုင်ဖွင့်ပြီး ရောင်းတာတွေ ၊ တချို့ အိမ်တွေမှာ ငှားပြီးတော့ ဖွင့်တာတွေရှိတယ်။ အဲ့ဒါတွေပါ ပိတ်မှာဖြစ်ပါတယ်" ဟု ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ဈေးကို ယာယီပိတ်သိမ်းထားသည့်အတွက် ငါး၊ ပုစွန်ကဲ့သို့ ရေထွက်ကုန်ပစ္စည်းများကို ပွဲရုံပိုင်ရှင်များ၏ နေအိမ်ခြံဝင်းများမှ တစ်ဆင့် တင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

 

ငါးဈေး (သီရိမာလာဈေး) တွင် ပွဲရုံနှင့် ဆိုင်ခန်းပေါင်း ၄၇၀ ၊ ပျံကျဈေးသည် ၂၅၀ ခန့်ရှိသည်။

 

မန္တလေးခရိုင်အတွင်း ဒီဇင်ဘာ ၉ ရက်အထိ COVID-19 ရောဂါအတည်ပြုလူနာ ၆၅၀ဝ ကျော် ရှိပြီးကူးစက်ပျံ့ပွားမှုနှင့် သေဆုံးမှုပိုမိုများပြားလာသည့်အတွက် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အတွင်း လိုက်နာရမည့် ညွှန်ကြားချက်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

မေသက်ထား