၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရမည့် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းသည် ကိုဗစ်-၁၉ ရောဂါအခြေအနေအပေါ် မူတည်၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် ပထမဆုံးပြိုင်ပွဲအဖြစ် မတ်လတွင်ကျင်းပမည့် အာရှ ယူ-၂၀ ခြေစစ်ပွဲ ပထမအဆင့်အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကပ်ရောဂါအခြေအနေကြောင့် စခန်းဝင်လေ့ကျင့် နိုင်ခြင်းမရှိေသးသော်လည်း ကစားသမားများ လေ့ကျင့်မှုမပြတ်စေရန် နေအိမ်၌ လေ့ကျင့်မှုများ ပြုလုပ်စေလျက် ရှိသည်။
မြန်မာ ယူ-၂၀ အမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းသည် ကစားသမားများ နေအိမ်၌လေ့ကျင့်ရမည့် လေ့ကျင့်ခန်းအစီအစဉ်များကို တစ်ပတ်လျှင်တစ်ကြိမ် ပေးပို့ထားပြီး အသက်မီပြီး အလားအလာရှိသည့် ကစားသမား ၃၅ ဦးအား ရွေးချယ်ကာ လေ့ကျင့်နေစေခြင်းဖြစ်သည်။
မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းသည် စခန်းဝင်လေ့ကျင့်ခွင့်ရသည့်အချိန်မှသာ ခွင့်ပြုသည့်ကစားသမား အရေအတွက်အေပါ် မူတည်၍ ပြန်လည်ရွေးချယ်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းသည် ပြီးခဲ့သည့်နှစ်က မြန်မာ ယူ-၁၆ လူငယ်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သည့် ကစားသမားများကို အခြေခံကာ ရွေးချယ်မည်ဖြစ်ပြီး မြန်မာယူ-၁၉ လူငယ်လက်ရွေးစင်အသင်းမှ အသက်မီသူများနှင့် အားကာသိပ္ပံများမှ ကစားသမားများလည်း ပါဝင်လာမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲ ပထမအဆင့်အုပ်စုများ ခွဲဝေရခြင်းမရှိသေးသော်လည်း မြန်မာအသင်း ပါဝင်သည့်အုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်