၂၈ အောက်တိုဘာ
ဧရာဝတီဖောင်ဒေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးစခန်း (တိုက်ကြီး)နှင့် (လှည်းကူး)တို့ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။
ယင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးစခန်း နှစ်ခုကို Max Highway Co., Ltd. က အကုန်ကျခံကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ဧရာဝတီဖောင်ဒေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ အောက်တိုဘာ (၂၁)ရက်နှင့် (၂၇)ရက်တွင် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။
ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးစခန်း(တိုက်ကြီး)မှ ရောဂါပိုးတွေ့ရှိသူများကို ထားရှိမည့် မြောင်းတကာတိုက်နယ်ဆေးရုံအတွက် လိုအပ်သော ဆေးရုံသုံးကုတင်(၄၀)၊ မွေ့ယာ၊ စားပွဲနှင့် အသုံးအဆောင် ပစ္စည်းများ၊ လူနာခန်း(၁၄)ခန်းနှင့် ကျန်းမာရေးဝန်ထမ်းအိပ်ဆောင်များအတွက် အဲကွန်းများတပ်ဆင်ခြင်း အပါအဝင် အခြားလိုအပ်သော ပြင်ဆင်မှုများကို လှူဒါန်းခဲ့သည်။
ထို့ပြင် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံအတွက် အလှူငွေကျပ်(၁၀)သိန်း၊ Surgical Mask အခုရေ (၅၀၀၀)၊ PPE အစုံ (၁၅၀)နှင့် Face Shield အခုရေ (၂၀၀)၊ လှည်းကူးမြို့နယ် ပရဟိတစေတနာ့ ဝန်ထမ်းများအတွက် အလှူငွေကျပ် (၅)သိန်း၊ Surgical Mask အခုရေ (၂၀၀၀)၊ PPE အစုံ (၅၀)၊ Face Shield အခုရေ (၂၀၀)တို့ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုမိုး


